MySport Myanmar

ဝေါ်ကာကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ရီးယဲလ်

ရီးယဲလ် မက်ဒရစ်အသင်းကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ အင်္ဂလန် ဝါရင့် နောက်ခံအစွန်လူ ကိုင်း ဝေါ်ကာကို အခု ဘောလုံးရာသီကုန်အထိ (၆)လအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်အခြေစိုက် SPORT ကနေ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ အသင်းခေါင်းဆောင် ညာနောက်ခံကစားသမားကြီး ဒန်နီ ကာဗာဟယ်လ်ဟာ ACL injury ကြောင့် အခုဘောလုံးရာသီ တစ်ရာသီလုံးနီးပါး အနားယူနေရတာကြောင့် ဒီကစားသမားနေရာမှာ ရေရှည် အစားထိုးဖို့ လီဗာပူးလ် ညာနောက်ခံလူ အာနိုးကို ပစ်မှတ်ထားနေပေမယ့် အခု ဆောင်းဈေးကွက်မှာ အာနိုးကို ခေါ်ယူနိုင်ဖို့က ခဲယဉ်းနေရပါတယ်။

Photo Credit : Manchester City FC

ဒါကြောင့် ရီးယဲလ်က ဒီဈေးကွက်မှာပဲ မန်စီးတီးကနေ ထွက်ခွာဖို့ ရှိနေတဲ့ အသက်(၃၄)နှစ်အရွယ် ညာနောက်ခံလူ ဝေါ်ကာကို ချိန်ရွယ်လာခဲ့ပါတယ်။ ၂၀၁၇ကတည်းက စပါးကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေတဲ့ ဝေါ်ကာဟာ စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်ပေမယ့် အခုဈေးကွက်အတွင်းမှာပဲ သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ပါ တောင်းဆိုထားပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဝေါ်ကာကို အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့က ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတဲ့အပြင် ဆော်ဒီကလပ်အသင်းတွေကပါ မက်မောလောက်စရာ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းလာခဲ့ပေမယ့် ဝေါ်ကာကတော့ ဆော်ဒီဆီ ပြောင်းရွှေ့ဖို့ ပယ်ချထားခဲ့ပါတယ်။

Photo Credit : Goal

ဒီဆောင်းဈေးကွက်မှာပဲ စီးတီးကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ပြင်ပ ကလပ်တွေဆီ ပြောင်းရွှေ့ချင်နေတဲ့ ဝေါ်ကာကို ရီးယဲလ်အသင်းကပါ ခေါ်ယူချင်လာခဲ့ပြီး ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ရီးယဲလ်အနေနဲ့ အခုဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖို့ အစီအစဉ် မရှိပေမယ့်လည်း ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ စပိန်စူပါဖလား ဖိုင်နယ်ပွဲမှာ ခံစစ်တန်းရဲ့ အားနည်းချက်တွေကြောင့် ဝေါ်ကာလို အတွေ့အကြုံရင့် ဝါရင့် ခံစစ်ကစားသမားကြီးတစ်ဦးကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူလို့ ရနိုင်မယ်ဆိုရင်တော့ သေချာပေါက် ခေါ်ယူနိုင်ပါတယ်။

Exit mobile version