ယခင်က အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး ဥရောပ ချန်ပီယံလိဂ်ဆုဖလားကြီးကိုပါ ရယူပေးနိုင်ခဲ့တဲ့ အီတလီဝါရင့် နည်းပြကြီး ကားလို့အန်စလော့တီနဲ့ ပြန်လည်လက်တွဲဖြစ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခု ဇူလိုင်လအတွင်းမှာပဲ လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စကော့တလန် အမှတ်ပေးချန်ပီယံ ရိန်းဂျားစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာလို့ သိရှိရပါတယ်။

Photo Credit : The Herald

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ် ကိုင်တွယ်လို့နေတဲ့ ရိန်းဂျားစ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆုကိုပါ ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအသင်းနဲ့ မကြာသေးခင်ကမှ နည်းပြအပြောင်းအလဲ ဖြစ်ထားခဲ့တဲ့ ကမ္ဘာ့အင်အားကြီး ကလပ်အသင်း ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ လာမယ့်ဇူလိုင်(၂၅)ရက်နေ့ စကော့တလန်နိုင်ငံအတွင်းမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်။

Photo Credit : Rangers Football Club

ဝါရင့်နည်းပြကြီး အန်စလော့တီနဲ့ ဂျရတ်တို့ဟာ အန်စလော့တီ ချယ်လ်ဆီးအသင်းရဲ့နည်းပြအဖြစ် ဆောင်ရွှက်ခဲ့စဉ်တုန်းက နည်းပြ-ကစားသမား ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်တွေ့ဆုံခဲ့ရတာဖြစ်ပေမယ့် အခုအချိန်မှာတော့ သူတို့နှစ်ယောက်လုံးက နည်းပြတွေအဖြစ် ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်က အန်စလော့တီရဲ့ တကျော့ပြန် ရီးယဲလ်နည်းပြဘဝ ပထမဆုံးပွဲစဉ်တစ်ပွဲ ဖြစ်နေတဲ့အတွက် ရလဒ်ကောင်းတစ်ခု ရယူသွားဖို့ လိုအပ်နေပါတယ်။ ဂျရတ်ရဲ့ ရိန်းဂျားစ်အသင်းဘက်မှာတော့ မကြာသေးခင် ရက်ပိုင်းကမှ ရှက်ဖီးယူနိုက်တက်အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဂျွန်လန်းစထွမ်းက ဒီပွဲမှာ ပွဲဦးထွက် ပါဝင်လာဖွယ် ရှိနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဒီခြေစွမ်းပွဲစဉ်ကို ဇူလိုင်(၂၅)ရက်နေ့ စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့က ရိန်းဂျားစ်အသင်းရဲ့ အိမ်ကွင်းတွင် ကျင်းပသွားမှာဖြစ်ပါတယ်။