MySport Myanmar

မူစီယာလာကို အပြိုင် စိတ်ဝင်စားနေကြတဲ့ ရီးယဲလ် နဲ့ လီဗာပူးလ်

ရီးယဲလ် မက်ဒရစ်အသင်း နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ ကြယ်ပွင့် ကစားသမားလေး ဂျာမယ် မူစီယာလာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ်လို့ ဂျာမနီ သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ မူစီယာလာဟာ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့်လည်း အသက် (၇)နှစ်အရွယ်က စတင်ပြီး အင်္ဂလန်နိုင်ငံမှာ ကြီးပြင်းခဲ့သလို ချယ်လ်ဆီး လူငယ် အကယ်ဒမီမှာပါ ဘောလုံးပညာတွေ သင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

အသက် (၁၆)နှစ်အရွယ်မှာတော့ ချယ်လ်ဆီး လူငယ်အသင်းကနေ ဘိုင်ယန်လူငယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ မူစီယာလာဟာ အသင်းဆီ ရောက်ရှိပြီး တစ်နှစ်အတွင်းမှာပဲ ဘိုင်ယန် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရလာရင်းနဲ့ နောက်ပိုင်းမှာ အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့ရပါတယ်။

မူစီယာလာဟာ စွယ်စုံရ ကစားသမား တစ်ဦး ဖြစ်တဲ့အပြင် ကွင်းလယ်နေရာအစုံနဲ့ တောင်ပံနှစ်ဖက်လုံးပါ ပြောင်းလဲ ကစားနိုင်သူဖြစ်လို့ ဘိုင်ယန်အတွက် အတော်လေးကို အားထားရသူ ဖြစ်နေရပြီး လက်ရှိမှာလည်း ဒီကစားသမားလေးကို ရီးယဲလ် နဲ့ လီဗာပူးလ်တို့က အပြိုင် စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : theScored

ဘိုင်ယန်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး လက်ရှိ တန်ကြေးအရ ယူရို သန်း(၁၁၀)လောက်အထ်ိ ရှိနေတဲ့ မူစီယာလာကို ခေါ်ယူဖို့ဆိုတာက အလွန် ခက်ခဲနိုင်ပြီး ဘယ်လင်ဟမ်ကို အပြိုင် ခေါ်ယူခဲ့ကြတဲ့ ရီးယဲလ် နဲ့ လီဗာပူးလ်တို့ ဒီတစ်ကြိမ် မူစီယာလာ အပြိုင်လုပွဲမှာလည်း ဘယ်သူ အသာရသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါပေမယ့် ဘိုင်ယန်မှာ ပျော်ရွှင်နေတဲ့ မူစီယာလာကတော့ အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ စိတ်ကူး ရှိဦးမှာ မဟုတ်သေးပေမယ့်လည်း သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရရှိလာမယ်ဆိုရင်တော့ ဘိုင်ယန်ကနေ စွန့်ခွာသွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version