ဥရောပ ချန်ပီယံလိဂ်ဖလားကို (၁၃)ကြိမ်အထိ စံချိန်တင်အောင် ဆွတ်ခူးထားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လက်ရှိ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ အင်တာမီလန်အသင်းတို့ဟာ အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်တွေ မရရှိပဲ ပြင်သစ်လီဂူး ကလပ်အသင်းတွေဆီသာ အငှားထွက် ကစားနေရတဲ့ နောက်ခံကစားသမားလေး ဝီလီယံဆလီဘာကို ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရှိရပါတယ်။

William Saliba joins Nice on loan | News | Arsenal.com

Photo Credit : Arsenal

အသက်(၂၀)အရွှယ်သာ ရှိနေသေးတဲ့ ပြင်သစ်ယူ-၂၁ နောက်ခံကစားသမား ဆလီဘာဟာ ၂၀၁၉ခုနှစ်ကမှ လီဂူးကလပ် စိန့်အက်တီယန်ကနေ အာဆင်နယ်အသင်းဆီကို ကာလရှည်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ဆလီဘာဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ တစ်ရာသီလုံး စိန့်အက်တီယန်အသင်းမှာ အငှားနဲ့ ပြန်ကစားခဲ့ရပါတယ်။ အငှားစာချုပ်ပြည့်လို့ အာဆင်နယ်ဆီ ပြန်ရောက်လာချိန်မှာလည်း ပွဲကစားခွင့် မရခဲ့တဲ့ ဆလီဘာဟာ နိုက်စ်နဲ့ မာဆေးလ်တို့လို လီဂူးကလပ်အသင်းတွေဆီမှာ အငှားနဲ့ သွားရောက်ကစားနေရပြီး လက်ရှိ မာဆေးလ်အသင်းနဲ့ အငှားစာချုပ် ပြည့်သွားချိန်မှာလည်း သူ့အနေနဲ့ အာဆင်နယ်မှာ နေရာရလာဖို့က မရေရာသေးတာကြောင့် သူရဲ့အခြေအနေကို ရီးယဲလ်နဲ့ အင်တာတို့ကနေ စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။

William Saliba exclusive: I was a 'nobody' at Arsenal, it brought me back  to reality - Eurosport

Photo Credit : Eurosport

ဆာလီဘာဟာ ဒီရာသီအတွင်း မာဆေးလ်အသင်းရဲ့ ခံစစ်မှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့ပြီး အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၂၉)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဆလီဘာဟာ ခံစစ်ပိုင်းမှာ ဖြတ်ထုတ်မှု (၃၁)ကြိမ်နဲ့ ဘောလုံးဟန့်တားမှုပေါင်း (၂၈)ကြိမ်ထိ ပြုလုပ်ထားပြီး စွမ်းဆောင်ရည်တွေ ကောင်းမွန်နေသလို ဒီရာသီမှာလည်း လီဂူးပြိုင်ပွဲအတွင်း ဘောလုံး ပေးပို့မှုပေါင်း (၁၆၄၆)ကြိမ်အထိ ပေးပို့ထားနိုင်ခဲ့ပြီး ဒီရာသီ လီဂူးပြိုင်ပွဲရဲ့ ပေးပို့မှု အတိကျဆုံး ကစားသမားစာရင်းမှာပါ ပါဝင်နေခဲ့ရပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ ပြင်သစ်လူငယ် နောက်ခံကစားသမားလေးကို ရီးယဲလ်နဲ့ အင်တာမီလန်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကြီးတွေက စိတ်ဝင်စားမှု ရှိနေခဲ့တယ်လို့ အီတလီ အခြေစိုက် Calcio Mercato သတင်းမီဒီယာကြီးကနေ ဖော်ပြလာခဲ့ပါတယ်။ ရီးယဲလ်ရော အင်တာမှာပါ ဗဟိုနောက်ခံ နေရာနဲ့ပတ်သက်ပြီး အမာခံ ကစားသမား အနည်းဆုံး (၃)ဦးလောက် ရှိနေတယ်ဆိုပေမယ့် ဆလီဘာလို အသက်ငယ်ရွှယ်ပြီး ခံစစ်အရည်အသွေးပိုင်းမှာလည်း ကောင်းမွန်တဲ့ ကစားသမားမျိုးကို ရေရှည်အစီအစဉ်အဖြစ် ခေါ်ယူထားချင်တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကလည်း ဘင်ဝှိုက်နဲ့ ဂါဘရီရယ်တို့ ရှိနေတဲ့ ခံစစ်ပိုင်းမှာ ဆလီဘာကို နေရာပေးဖို့ မလွယ်ကူနိုင်သေးတာကြောင့် အပြီးသတ် ရောင်းချသွားဖို့ စဉ်းစားလာနိုင်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)လောက်အထိ တောင်းဆိုလာဖွယ် ရှိနေပါတယ်။