စပိန်လာလီဂါပြိုင်ပွဲမှာ နိုင်ပွဲတွေ တောက်လျှောက်ပိုင်ဆိုင်လို့နေပြီး ပြိုင်ဘက်ဘာစီလိုနာကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာပါ ရပ်တည်လျက်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဒီနေ့ညမှာတော့ ဒီရာသီ လာလီဂါမှာ အခြေအနေဆိုးရွှားလျက်ရှိနေတဲ့ ဆယ်တာဗီဂိုအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်(၂၄)အဖြစ် ဘာနေဗျူးမှာ ဧည့်ခံကစားသွားခဲ့ပြီး တစ်ဖက်ကို ၂ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ရီးရဲလ်အသင်းကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဟာဇက်ကို ထည့်သွင်းလာခဲ့ပြီး ဘန်ဇီမာ ဘေးလ် ဗယ်ဗာဒီ တိုနီကရူးစ် ကတ်စ်မဲလ်ရိုး ရာမို့စ် မာဆယ်လို ဗာရန်း ကာဗာဟယ်နဲ့ ကော်တိုရစ်တို့ကိုလည်း အသုံးပြုလာခဲ့ပါတယ်။ ဒီရာသီ စပိန်လာလီဂါမှာ အဝေးကွင်းကစားပုံ အညံဆုံးအသင်းထဲက တစ်သင်းဖြစ်နေတဲ့ ဆယ်တာဗီဂိုအသင်းကို ရီးရဲလ်တို့ သက်တောင့်သက်သာ ကစားနိုင်လိမ့်မယ်လို့ ယူဆခဲ့ပေမယ့် ပွဲအစရမိနစ်မှာပဲ ဆယ်တာဗီဂိုတို့ အဖွင့်ဂိုးစတင်ပိုင်ဆိုင်ခဲ့လိုက်တာကြောင့် ရီးရဲလ်တို့ ဖိအားဝင်သွားခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာအသင်းကလည်း နိုင်ပွဲရထားတာဖြစ်လို့ အမှားခံလို့မရတဲ့ အခြေအနေတစ်ခုမှာ ဦးဆောင်ဂိုးစောစော ပေးလိုက်ရတဲ့အတွက် ချေပဂိုးပြန်ရဖို့ ရီးရဲလ်တို့ စိတ်လောနေခဲ့ပြီး ပထမပိုင်းအတွင်းမှာ ဂိုးပေါက်တစ်ကြိမ်မှ မတည့်မတ်ခဲ့သလို နောက်ထပ်ဒုတိယဂိုးပေးရလုနီးပါးပါ ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ တိုက်စစ်ဆင်ကစားခဲ့သလောက် အလုပ်မဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒုတိယပိုင်းမှာတော့ နည်းဗျူဟာအပြောင်းအလဲတွေ ပြုလုပ်လာခဲ့ပြီး ၅၂မိနစ်မှာပဲ ကရူးစ်က သူကန်သွင်းယူနေကြ ပုံစံအတိုင်းနဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့သလို ၆၅မိနစ်မှာလည်း ရီးရဲလ်တို့ ပင်နယ်တီကန်ခွင့်ရရှိခဲ့လို့ အသင်းခေါင်းဆောင် ရာမို့စ်က ဦးဆောင်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် အိုအာစူနာကို အနိုင်ရခဲ့တဲ့ ပွဲတုန်းကလို ရီးရဲလ်တို့ Comeback နိုင်ပွဲ ထပ်မံပိုင်ဆိုင်ဦးမယ်လို့ ထင်ခဲ့ရပေမယ့်လည်း ၈၅မိနစ်မှာပဲ လူစားဝင်ကစားသမား ဆန်တီမီနာက သူရဲ့ပထမဆုံး ဂိုးပေါက်ကန်ချက်ကနေ ဆယ်တာအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။