ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် ကြယ်ပွင့်ကစားသမားလေး ဘယ်လင်ဟမ်ကို လာမယ့်နွေဈေးကွက်ထဲမှာ ခေါ်ယူသွားနိုင်ဖို့အတွက် အခုတစ်ပတ်အတွင်းမှာပဲ ဘယ်လင်ဟမ်ရဲ့ကလပ် ဒေါ့မွန်အသင်းနဲ့ တွေ့ဆုံ ဆွေးနွေးသွားတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : AP News

ဘာမင်ဂမ် ကစားသမားဟောင်းလေး ဘယ်လင်ဟမ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒေါ့မွန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်သလို ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တောက်ပနိုင်ခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ကို လက်ရှိမှာ ရီးယဲလ်မက်ဒရစ် အပါအဝင် လီဗာပူးလ် မန်ချက်စတာစီးတီးတို့ကလည်း အပြိုင် စိတ်ဝင်စားနေကြပေမယ့် မိုဒရစ် တိုနီကရူးစ်တို့လို ဝါရင့် ကွင်းလယ်လူတွေရဲ့ အနာဂတ် မရေမရာမှုတွေ ရှိနေရတဲ့ ရီးယဲလ်အသင်းက ဘယ်လင်ဟမ်ကို ပိုမိုပြီးတော့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : AP News

ရီးယဲလ်အသင်းက အသင်းရဲ့ အနာဂတ် ပရောဂျက်အတွက် လူငယ် ကစားသမား ခေါ်ယူမှုတွေကို ဈေးကွက်တိုင်းလိုလိုမှာ ငွေကြေး အမြောက်အများ သုံးစွဲပြီး ခေါ်ယူခဲ့ရာ ကွင်းလယ်ပိုင်းအတွက်ကိုလည်း ကာမာဗင်ဂါ ချူအာမန်နီတို့လို ကစားသမားလေးတွေကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အခုလည်း အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ဘယ်လင်ဟမ်ကို လာမယ့်နွေမှာ အရ ခေါ်ယူသွားနိုင်ဖို့အတွက် အခုဇန်နဝါရီလထဲမှာပဲ ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်းတစ်ရာနဲ့အထက် သုံးစွဲသွားဖို့ ဆန္ဒရှိနေတဲ့အပြင် တစ်နှစ်ကို ယူရို(၁၂)သန်းနဲ့ (၅)နှစ်အထိ စာချုပ်ချုပ်ဆိုသွားချင်တဲ့အပြင် ယူရို တစ်ဘီလီယံ တန်ကြေးရှိမယ့် စာချုပ်လျော်ကြေးကိုပါ ချုပ်ဆိုဖွယ်လည်း ရှိနေပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ရီးယဲလ်အသင်းက အခု ဇန်နဝါရီလထဲမှာပဲ အကြို သဘောတူညီမှု ရရှိထားချင်နေတဲ့အတွက် ဒေါ့မွန်အသင်းနဲ့ အသေအချာ ဆွေးနွေးသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ အခု ဇန်နဝါရီလထဲမှာ အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ထားခြင်း မရှိပေမယ့်လည်း ဘရာဇီးလ် ကြယ်ပွင့်ကစားသမားလေး အန်းဒရစ်ကိုတော့ ၂၀၂၄ခုနှစ်မှာ အသင်းဆီ ပူးပေါင်းလာနိုင်ဖို့အတွက် အကြို သဘောတူညီမှု ရရှိထားခဲ့ပါတယ်။