ဘရိုက်တန်ကို (၂)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကစားသမားမော်ပေးကို လည်ပင်းညစ်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အပြင် ကစားသမားရဲ့ဝင်ငွေနဲ့ပတ်သက်ပြီးတော့ကိုလည်း ဝေဖန်စကားတွေ ပြောဆိုထားခဲ့တဲ့ ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ အသင်းကနေ ရောင်းထုတ်သွားချင်လောက်ကို စိတ်ပျက်သွားခဲ့ရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းကပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : talkSPORT

အခုလို အာဆင်နယ်အသင်းနဲ့ အနာဂတ်မရေမရာဖြစ်လာခဲ့တဲ့ ဂွမ်ဒူဇီိကိုလည်း ခေါ်ယူသွားဖို့ စပိန်လာလီဂါ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကမ္ဘာ့ထိပ်သီး ကလပ်အသင်း(၂)သင်းလုံးက ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားတာကြတာဖြစ်လို့ ဂွမ်ဒူဇီလို အရည်အသွေးရှိတဲ့ ကွင်းလယ်လူမျိုးကို စိတ်ဝင်စားနေတာဖြစ်ပြီး အထူးသဖြင့်တော့ သူနဲ့တစ်နိုင်ငံတည်းသား ဇီဒန်းကိုင်တွယ်နေတဲ့ ရီးရဲလ်အသင်းက ပိုစိတ်ဝင်စားနေတာလို့ သိရပါတယ်။

Photo Credit : talkSPORT

အသက်(၂၁)နှစ်သာရှိသေးတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဂွမ်ဒူဇီဟာ ၂၀၁၈ခုနှစ်ကမှ လော်ရီးယန့်အသင်းကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပွဲထွက်ခွင့်တွေ ပုံမှန်နီးပါးရရှိနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၃၄)ပွဲအထိကို ပါဝင်ကစားထားခဲ့တဲ့ ဂွမ်ဒူဇီဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ ဘရိုက်တန် တိုက်စစ်မှူးမော်ပေးအပေါ် မပြုသင့်တဲ့ လုပ်ရက်တွေကို စိတ်မထိန်းနိုင်ပဲ လုပ်ဆောင်ခဲ့သလို ကံကောင်းထောက်မစွာနဲ့ပဲ ဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုနဲ့ လွတ်ကင်းခဲ့ရတာဖြစ်ပေမယ့်လည်း ပွဲအပြီးမှာလည်း သူ့ထက် တစ်ပတ်လုပ်ခ ပေါင်(၁)သောင်းလောက် ရရှိနေတဲ့ မော်ပေးရဲ့ဝင်ငွေနဲ့ပတ်သက်ပြီးတော့လည်း စကားနာထိုးသလို ပြောဆိုခဲ့တာကြောင့် အာဆင်နယ်နည်းပြ အာတီတာက ဂွမ်ဒူဇီကို စိတ်ကုန်လာခဲ့တာဖြစ်ပြီး နွေစျေးကွက်မှာပဲ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိလာခဲ့တာဖြစ်ပါတယ်။ ဂွမ်ဒူဇီဟာ အာဆင်နယ်နဲ့ ၂၀၂၂ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေးက ယူရိုသန်း(၄၀)ခန့်လောက် ရှိနေပါတယ်။