စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အကြို သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၀ဦး စာရင်းဝင်သူ ဖြစ်သလို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိမယ့်သူ အဖြစ် ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Daily Mail

ဒါကြောင့်ပဲ ပီအက်စ်ဂျီက သူတို့နဲ့ စာချုပ်သက်တမ်း ၅လကျော်သာ ကျန်တော့တဲ့ အမ်ဘာပေကို မရရတဲ့ နည်းလမ်းတွေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေသလို စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကလည်း သူတို့ရဲ့ ကာလရှည်ပစ်မှတ် ကစားသမား ဖြစ်သူ အမ်ဘာပေကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ယခု ဘောလုံးရာသီ စတင်ကတည်းက ကြိုးပမ်းခဲ့ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်တာကြောင့် ယခုအချိန်မှာ သူ နှစ်သက်ရာ အသင်းထံ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုလို့ ရနေပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနကတော့ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ ယနေ့ညနေပိုင်းမှာပဲ ထုတ်ဖော် ရေးသားလာခဲ့ပါတယ်။

Photo Credit: Daily Mail

Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို တနှစ် အခွန်မဆောင်မီ လုပ်ခလစာ ယူရို ၅၀သန်းနဲ့ ၆နှစ် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီး အမ်ဘာပေကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ယတိပြတ် ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ဒါကြောင့် ပြင်သစ်ကြယ်ပွင့် အမ်ဘာပေကို လာမယ့် ဘောလုံးရာသီမှာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဘန်ဇီမာနဲ့အတူ ဘာနေဗျူး မြက်ခင်းပြင်ပေါ်မှာ မြင်တွေ့ရတော့ဖို့ ရှိနေကြောင်း တင်ဆက်ပေးလိုက်ပါတယ်။