လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ဘွန်ဒက်လီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ နောက်ခံလူ ဒေးဗစ် အလာဘာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပြီးတော့ ထို သဘောတူညီမှုဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ရာသီအတွက် ပထမဆုံးသော ကစားသမား ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒေးဗစ် အလာဘာ နဲ့ ဘိုင်ယန်မြူးနစ် အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လ ၃၀ ရက်နေ့မှာ အလာဘာ ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ဒေးဗစ် အလာဘာ ကို လေးနှစ်သက်တမ်းရှိ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီးတော့ လစာကိုတော့ တစ်နှစ်ကို ယူရို ၁၁ သန်း ပေးချေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: Marca

ဩစတြီးယား ကစားသမားအနေနဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက စတင်ပြီးတော့ အခြားအသင်းတွေနဲ့ ညှိနှိုင်းဆွေးနွေးခွင့် ရရှိထားတာ ဖြစ်ပြီးတော့ ရီးရဲလ်မက်ဒရစ်ကလည်း ရရှိလာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ လျှင်လျှင်မြန်မြန်ပဲ သဘောတူညီမှု ရအောင် ကြိုစားခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ် အလာဘာ အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ဆေးစစ်မှုတောင် ခံယူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ် အလာဘာ ကို ဥရောပ အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်ချက်စတာစီးတီး၊ ပီအက်စ်ဂျီ၊ လီဗာပူး နဲ့ ချယ်လ်ဆီး စတဲ့ အသင်းကြီးတွေကလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ဖူးကြောင်း အလာဘာရဲ့ အေးဂျင့်ဖြစ်သူ ပီနီ ဇာယာဗီက ပြောဆို ထားခဲ့ဖူးပေမယ့်လည်း ဒေးဗစ် အလာဘာ ကိုယ်တိုင်က လာလီဂါမှာ ကစားချင်ကြောင်း ထုတ်ပြောဖူးတာကြောင့် သူ့ရဲ့ အပြောင်းအရွှေ့က ရီးရဲလ်မက်ဒရစ်ဆီ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့လည်း သူတို့ရဲ့ ကစားသမားဖြစ်သူကို လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကမ်းလှမ်းမှု သုံးကြိမ်ပြုလုပ်ခဲ့ပေမယ့်လည်း သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကလည်း ကစားသမားအနေနဲ့ ဘိုင်ယန်မြူးနစ် နဲ့ စာချုပ်အသစ် မချုပ်ဆိုဖြစ်ဘူးလို့ ကြားသိတဲ့ အချိန်က စတင်ပြီးတော့ ခေါ်ယူဖို့ရာ အတွက် ချောင်းမြှောင်းနေခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ကလည်း ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံ့လာတဲ့ အချိန်ကစတင်ပြီးတော့ စီးပွားရေး ဟန်ချက်ညီဖို့ အတွက် ငွေကြေး သုံးစွဲမှုဆိုင်ရာကို ကန့်သတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း ဒေးဗစ် အလာဘာကို အလွတ် ခေါ်ယူနိုင်လိုက်တာကြောင့် အလာဘာရဲ့ လစာကို ပေးချေဖို့ တတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ် အလာဘာ ဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ ၄၀၈ ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီးတော့ ၃၂ ဂိုး သွင်းယူခဲ့ကာ ၄၉ ကြိမ်ဖန်တီးထားပြီးတော့ ချန်ပီယံလိဂ် ဖလားနှစ်လုံး နဲ့ ဘွန်ဒက်လီဂါ ဖလား ကိုးကြိမ် အပါအဝင် ဆုဖလား စုစုပေါင်း ၂၅ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒေးဗစ် အလာဘာဟာ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပြီးတော့ ဗဟိုခံစစ်၊ ဘယ်ခြမ်းခံစစ် နဲ့ ကွင်းလယ် တို့မှာ ကစားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။