MySport Myanmar

PSGနဲ့ လီဗာပူးကို ကျော်ဖြတ်ပြီး ချူအိုမီနီကို ခေါ်ဖို့ သဘောတူညီမှု ရသွားတဲ့ ရီးရဲလ်

ပူပူနွေးနွေး ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ အဓိက ပြိုင်ဘက်အသင်းတွေလို့ ဆိုရမယ့် ပီအက်စ်ဂျီနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ပြီး မိုနာကို ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မိုနာကိုနဲ့အတူ တောက်ပလာတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း မိုနာကိုအတွက် ပြိုင်ပွဲစုံ ၅၀ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: RMC Sports

ချူအိုမီနီက ကြံ့ခိုင်မှု အားကောင်းသလို နည်းစနစ်ပိုင်း အလွန် ကျွမ်းကျင်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဥရောပရဲ့ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့က သူ့ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းခဲ့ကြပေမယ့် ချူအိုမီနီကတော့ သူ့ရဲ့ ငယ်ဘဝ အိမ်မက်ကလပ် ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ချူအိုမီနီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်သလို ယနေ့မနက် အစောပိုင်းမှာလည်း ချူအိုမီနီရဲ့ အပြောင်းအရွှေ့ အတွက် မိုနာကိုနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: RMC Sports

ရီးရဲလ်မက်ဒရစ်က ချူအိုမီနီအတွက် မိုနာကိုထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော် + အပိုဆုကြေးတွေ ပေးချေဖို့ သဘောတူထားသလို ချူအိုမီနီကိုလည်း ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

Exit mobile version