ဒီနှစ်ဘောလုံးရာသီရဲ့ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ တစ်ယောက်မှ ခေါ်ယူအားဖြည့်ခဲ့ခြင်းမရှိတဲ့ စပိန်လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ အသင်းအတွက် ငွေကြေးသုံးစွဲမှုတွေ တပုံတပင်ကြီး လုပ်ဆောင်သွားတော့မှာဖြစ်သလို ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘာပေ ဟာလန်း ကာမာဗင်ဂါတို့ကိုလည်း အဝယ်စာရင်းထဲမှာ ထည့်သွင်းထားခဲ့ကာ အခုလည်း အမေရိကန်လူငယ်ကြယ်ပွင့်လေး ဂျီအိုရေနာကိုပါ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Yahoo! Sports

ဒေါ့မွန်အသင်းရဲ့ ဆယ်ကျော်သက် အမေရိကန်တိုက်စစ်ကစားသမားလေး ရေနာဟာ လက်ရှိမှာ အသက်(၁၇)နှစ်အရွှယ်သာ ရှိသေးပေမယ့် ပြီးခဲ့တဲ့ရာသီမှာပဲ ဒေါ့မွန်စီနီယာအသင်းအတွက် စတင်ကစားပေးခွင့် ရရှိခဲ့ပြီး အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာ ပါဝင်ကစားသူဖြစ်တဲ့ ရေနာဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲအတွင်းမှာ သွင်းဂိုး(၂)ဂိုး ရယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုကိုလည်း (၅)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ကာ သူတစ်ဦးတည်းကို (၇)ဂိုးအထိ ပါဝင်ပတ်သက်ထားနိုင်ခဲ့ပါတယ်။

Photo Credit : BeSoccer

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ်ကြယ်ပွင့်လေးကို ရီးရဲလ်မက်ဒရစ်အသင်းကနေ အရမ်းကို စိတ်ဝင်စားလာခဲ့ပြီး လာမယ့်နွေစျေးကွက်မှာ အသင်းကနေ အရခေါ်ယူသွားမယ့် အဝယ်စာရင်းထဲကိုတောင် ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။ ဒီရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့စီးပွားရေးကျဆင်းနေတာတွေ အပါအဝင် ဘာနေဗျူးကွင်းကြီးလည်း ပြန်လည်ပြင်ဆင်ထားတဲ့ စရိတ်စခတွေပါ ရှိနေသေးတဲ့အတွက် ကစားသမားသစ်တွေကို ခေါ်ယူခြင်းမရှိပဲ ရှိရင်းစွဲကစားသမားတွေနဲ့ အငှားချထားရာကနေ အသင်းဆီ ပြန်လည်ရောက်လာခဲ့တဲ့ ကစားသမားတွေကိုပဲ ပူးပေါင်းပြီး အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ အသင်းအနေနဲ့ ဟိုးယခင်တုန်းကတည်းက အသင်းမှာ တည်ဆောက်ခဲ့တဲ့ ကြယ်စင်စုအဖွဲ့(ဂလက်စီကို)လိုမျိုး နာမည်ကျော် ကြယ်ပွင့်ကစားသမား အများအပြားကို အသင်းဆီ အရခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်အသင်းဘက်ကနေ ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဘာပေ ဟာလန်း ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကာမာဗင်ဂါ ရေနာနဲ့ ခံစစ်ကစားသမားအဖြစ် အူပါမယ်ကာနိုတို့ ပါဝင်လို့နေပါတယ်။