စပိန်လာလီဂါ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ နွေအပြောင်းအရွှေ့ နံပါတ်တစ် ပစ်မှတ် ဖြစ်တဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို မခေါ်ယူနိုင်ခဲ့တာကြောင့် သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လီဗာပူး တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆာလာနဲ့ မာနေးတို့ကို ခေါ်ယူဖို့ မျက်စိကျလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ ကနဦးမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပါက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီဘက်က စံချိန်တင် လုပ်ခလစာတွေ ၊ လက်မှတ်ထိုးကြေးတွေ ပေးချေကာ စာချုပ်သစ် ကမ်းလှမ်းခဲ့ချိန်မှာတော့ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာဖို့ ငြင်းဆန်ခဲ့ပြီး ပီအက်စ်ဂျီနဲ့သာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုသွားခဲ့ပါတယ်။

Photo Credit: Express

အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းပေးနိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို စတင် ရှာဖွေလာပြီး လီဗာပူးရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မိုဟာမက် ဆာလာနဲ့ ဆာဒီယို မာနေးတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ထိပ်သီးပစ်မှတ်တွေ အဖြစ် ရှိနေကြောင်း နာမည်ကြီး ဗြိတိန်သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်ဆီသာ ကျန်ရှိတော့တဲ့ ဆာလာနဲ့ မာနေးတို့ နှစ်ဦးစလုံးက လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေတဲ့ ကစားသမားတွေ ဖြစ်ကြပြီး ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီတို့ဟာ သူတို့နှစ်ယောက်စလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ကတော့ အမ်ဘာပေကို လက်လွှတ်ခဲ့ရပြီးနောက် ဒေါသထွက်နေကြတဲ့ အသင်းရဲ့ ပရိသတ်တွေကို နှစ်သိမ့်ပေးဖို့ ကြယ်ပွင့် ကစားသမား နှစ်ဦးကို ခပ်မြန်မြန်ပဲ ခေါ်ယူဖို့ စီစဉ်နေကာ မာနေးနဲ့ ဆာလာတို့ နှစ်ဦးထဲက တဦးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိကြောင်းလည်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဆိုပါတယ်။

တဖက်မှာတော့ လီဗာပူးက သူတို့ရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆာလာနဲ့ မာနေးတို့ အနက် မာနေးကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပြီး ဆာလာကိုတော့ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ရရှိရင် ရောင်းထုတ်ဖွယ် ရှိကြောင်းလည်း လီဗာပူးနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောပြထားကြပါတယ်။