ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ တစ်အုပ်စုတည်း ကျရောက်နေကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ သူတို့အသင်းတွေမှာ ပုံမှန်နေရာရဖို့ ရုန်းကန်းနေရတဲ့ အသင်းသားနှစ်ယောက်ဖြစ်တဲ့ စပိန်ကွင်းလယ်ကစားသမားအစ္စကိုနဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်တို့ကို တိုက်ရိုက်အလဲအထပ် ပြုလုပ်ကြဖို့အတွက် ဆွေးနွေးမှုတွေပါ ပြုလုပ်နေကြလျက် ရှိနေတယ်လို့ ဂျာမနီသတင်းမီဒီယာတစ်ခုကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Tribuna

Sky Germany သတင်းမီဒီယာကြီးရဲ့ ဖော်ပြချက်တွေအရ ရီးရဲလ်နဲ့ အင်တာမီလန်အသင်းတွေဟာ အသင်းမှာ နေရာပျောက်နေကြပြီး လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းနဲ့ အသီးသီးလမ်းခွဲကြဖွယ်ရှိနေတဲ့ ကွင်းလယ်ကစားသမားနှစ်ယောက်ဖြစ်သော အစ္စကိုနဲ့ အဲရစ်ဆင်တို့ကို လဲလှယ်သွားချင်ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကစားသမားနှစ်ယောက်လုံးဟာ သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် ပွဲထွက်ခွင့်တွေ နည်းပါးလွန်းနေသူဖြစ်သလို လာမယ့်ဇန်နဝါရီလမှာလည်း အသင်းနဲ့ လမ်းခွဲကြဖို့ နီးစပ်လျက်ရှိနေကြသူတွေလည်းဖြစ်ပါတယ်။

Photo Credit : Gazzetta

အသက်(၂၈)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကတော့ မနှစ်က ဘောလုံးရာသီ ဆောင်းစျေးကွက်အတွင်းကမှ စပါးအသင်းကနေ အင်တာကို ရောက်ရှိလာခဲ့သူဖြစ်ကာ အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူလည်းဖြစ်လို့ သူ့ကို အသင်းဘက်ကနေ ပြန်လည်ရောင်းထုတ်သွားချင်နေပြီး သူရဲ့နေရာမှာ နောက်ထပ်ကစားသမားတစ်ဦးနဲ့လည်း ပြန်လည်အစားထိုးသွားချင်နေတာကြောင့် ငွေသားနဲ့ ရောင်းထုတ်တာမျိုးထက် ကစားသမားချင်း အလဲအလှယ်လုပ်တဲ့ ပြောင်းရွှေ့မှုမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်တာအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ချာကာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်တို့နဲ့ အဲရစ်ဆင်ကို လဲလှယ်သွားဖို့ ပြင်ဆင်နေတာဖြစ်သလို ဒီပြင်ဆင်မှုတွေက အဆင်မပြေခဲ့ရတာကြောင့် ရီးရဲလ်က စပိန်ကွင်းလယ်လူ အစ္စကိုနဲ့ပဲ လဲလှယ်သွားဖွယ် ရှိလာနိုင်ပါတယ်။ အဲရစ်ဆင်နဲ့ အသက်အရွှယ်ချင်း အတူတူဖြစ်တဲ့ အစ္စကိုဟာလည်း လက်ရှိ ရီးရဲလ်နည်းပြဇီဒန်းရဲ့လက်အောက်မှာ ပွဲထွက်ခွင့်တွေ နည်းပါးလွန်းနေပြီး လာမယ့်နှစ်မှာ ကျင်းပသွားမယ့် ယူရိုပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားခွင့်ရဖို့အတွက် ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ရရှိချင်နေတာကြောင့် လာမယ့်ဆောင်းစျေးကွက်မှာ အသင်းနဲ့ သေချာပေါက် လမ်းခွဲချင်နေတာဖြစ်ပါတယ်။