Football Italia ရဲ့ ဖော်ပြချက်အရ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ အီတလီ ထိပ်တန်း ကလပ် အင်တာ မီလန် အကြားမှာ ခံစစ် ကစားသမားဖြစ်သူ အေးခရက်ဖ် ဟာခီမီ နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေဟာ တရိပ်ရိပ်မြင့်တက် နေတယ်လို့ သိရပါတယ်။ ရီးရဲလ် မက်ဒရစ် အနေနဲ့ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ဟာခီမီ အတွက် ငွေပေးချေမှု နောက်ကျတာနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အာမခံချက် လိုချင်နေပြီးတော့ အကယ်၍ မရခဲ့ရင် ကစားသမားကိုတောင် အသင်းကို ပြန်ခေါ်နိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။ အင်တာမီလန် အသင်းဟာ ဟာခီမီ ကို စက်တင်ဘာလ လောက်က ရီးရဲလ်ကနေ ယူရို သန်း ၄၀ နဲ့ ခေါ်ယူထားတာဖြစ်ပြီး တစ်လကို ယူရို ၁၀ သန်းနဲ့ လေးလအရစ်ကျ ပေးချေဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

Photo Credit: Standard

ကစားသမားအတွက် ပထမအရစ်ကျ ကိုတော့ ဒီဇင်ဘာလမှာ ပေးချေရမာ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း အင်တာမီလန် အနေနဲ့ မတ်လ ၃၀ ရက်နေ့အထိ ရွှေ့ဆိုင်းပေးဖို့ ရီးရဲလ်မက်ဒရစ်ကို တောင်းဆိုခဲ့ပြီး သဘောတူညီမှု ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန် အသင်းအနေနဲ့ ရင်းနှီးမြှပ်နှံသူ အသစ် ရှာဖွေ‌နေကြောင်းနဲ့ အသင်းကိုတောင် ရောင်းချနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် အသင်းရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကို မေးခွန်း ထုတ်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် မက်ဒရစ် အနေနဲ့ စိုးရိမ်နေတာ ဖြစ်ပြီးတော့ ပထမအရစ်ကျ အတွက် ရွှေ့ဆိုင်းထားတဲ့ သဘောတူညီချက်ကိုလည်း တရားမဝင်တော့ကြောင်း ကြေညာနိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ အင်တာကသာ အကြွေးမဆပ်နိုင်ခဲ့ရင် ရီးရဲလ်မက်ဒရစ် အနေနဲ့ စာချုပ်မှာ ထည့်သွင်းထားတဲ့ ပြန်လည် ခေါ်ယူခွင့်အချက် နဲ့ ပြန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ် အသင်းထောက်ခံသူတွေကတော့ အခုလို ရောင်းချခဲ့တာဟာ မှားယွင်းကြောင်း ထောက်ပြ ပြောဆိုနေကြပါတယ်။ အေးခရက်ဖ် ဟာခီမီ ဟာ ဒီရာသီ ၂၄ ပွဲပါဝင် ကစားထားရာမှာ သွင်းဂိုး ၆ ဂိုး သွင်းယူထားနိုင်ပြီးတော့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ Marca သတင်းစာမှာတော့ နှစ်သင်းကြား ဆက်ဆံရေးက အတော်လေး ကောင်းနေတယ်လို့ ဖော်ပြထားပြီး ဟာခီမီ ရဲ့ အေးဂျင့်ဖြစ်သူကလည်း အခုလိုပဲ ပြောဆိုထားပါတယ်။ “ ကျွန်တော် အဲ့ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိပါဘူး။ ကျွန်တော်ဆီကို မက်ဒရစ် ကနေ ဘာမှ မဆက်သွယ်လာသေးပါဘူး။ အေးခရက်ဖ် ကလည်း အင်တာမှာ ပျော်နေပြီးတော့ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ဖို့ပဲ အာရုံစိုက်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က အင်တာအင်္ကျီနဲ့ အောင်မြင်မှု ရဖို့ပါပဲ၊ ပြီးတော့ သူ တခြား ဘယ်အရာကိုမှ မစဉ်းစားနေပါဘူး ” လို့ပြောဆိုသွားခဲ့ပါတယ်။