စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဘယ်ခြမ်းခံစစ် အတွက် ဗယ်လက်ကာနိုရဲ့ လူငယ်ကြယ်ပွင့် ဖာရန်း ဂါစီယာကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ စီစဉ်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်က ဖာလန်း မန်ဒီ တဦးထဲကိုသာ ပိုင်ဆိုင်ထားပြီး ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ဘယ်ခြမ်း ခံစစ်မှူး ရှားပါးချက်ကြောင့် အလာဘာနဲ့ နာချိုတို့ကို တခါတရံ ဘယ်ခြမ်းခံစစ်မှာ ထားကာ ကစားနေရပါတယ်။

Photo Credit: Marca

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ တဦးထဲသော ဘယ်နောက်ခံလူ ဖာလန်း မန်ဒီက ခံစစ် ကစားပုံ ကောင်းမွန်ပေမယ့် တိုက်စစ်လိုက်ပါမှုအပိုင်းမှာ အတော်လေးကို အားနည်းပြီး သူ့ရဲ့ တိုက်စစ်လိုက်ပါမှု အားနည်းချက်ကြောင့်ပဲ တချို့ပွဲတွေမှာ ရီးရဲလ်မက်ဒရစ်က ကစားကွက်ပိုင်း အသာစီး ရသင့်ရက်နဲ့ မရခဲ့ပါဘူး။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ် မခေါ်ဖို့ ဆုံးဖြတ်ထားပေမယ့် အန်ဆလော့တီ အတွက် ဘယ်နောက်ခံလူသစ် တဦး ထပ်မံ ခေါ်ယူပေးဖို့ ဆုံးဖြတ်လိုက်ကြပြီး ဘယ်နောက်ခံနေရာ အတွက် ဗယ်လက်ကာနိုနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဖာရန်း ဂါစီယာကို ခေါ်ယူချင်နေကြပါတယ်။

Photo Credit: Marca

အသက် ၂၃နှစ် အရွယ် စပိန် ဘယ်နောက်ခံလူ ဖာရန်း ဂါစီယာက ယခုနှစ် ဘောလုံးရာသီမှာ ဗယ်လက်ကာနိုနဲ့အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက တိုက်စစ်လိုက်ပါမှု ကောင်းမွန်ကာ ဗယ်လက်ကာနို အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားထားရာ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Dairo ASရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ဖာရန်း ဂါစီယာကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀သန်း ပေးကာ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီး ဖာရန်း ဂါစီယာကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ သဘောတူထားတာကြောင့် မကြာခင်မှာပဲ ဂါစီယာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။