MySport Myanmar

ချယ်လ်ဆီးနဲ့ မန်ယူပစ်မှတ် ကွင်းလယ်လူ ချူအိုမီနီကို ခေါ်ယူနိုင်တော့မယ့် ရီးရဲလ်

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကိုရဲ့ အဓိက ကွင်းလယ်လူ ချူအိုမီနီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ချူအိုမီနီဟာ ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ကြံ့ခိုင်မှု အားကောင်းသလို ဘောလုံးစွမ်းရည်လည်း ပြည့်ဝတာကြောင့် ပြင်သစ်အသင်း အတွက် အားကိုးရမယ့် ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Standard

ချူအိုမီနီဟာ ယခုနှစ် ဘောလုံးရာသီမှာ မိုနာကို အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ တန်ကြေးကတော့ ယူရို ၆၀သန်း ဝန်းကျင် ရှိနေကာ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ကာလရှည် စိတ်ဝင်စားခဲ့ကြပါတယ်။

လက်ရှိမှာတော့ ပြင်သစ် ကစားသမားတွေနဲ့ ဆိုရင် ကံစပ်လေ့ ရှိတဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်က ချူအိုမီနီကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာပြီး ရီးရဲလ်မက်ဒရစ်ဟာ အသက်အရွယ် ရလာတဲ့ အသင်းရဲ့ အဓိက ကွင်းလယ်လူ တိုနီကရူးစ်ရဲ့ နေရာအတွက် ချူအိုမီနီကို လိုချင်နေတာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ SPORT သတင်းဌာနက ဆိုပါတယ်။

Photo Credit: Standard

စပိန်နာမည်ကြီး သတင်းထောက် တဦးဖြစ်သူ အယ်ဗာရက်ကလည်း ရီးရဲလ်မက်ဒရစ်ဟာ ချူအိုမီနီကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေကြောင်း အတည်ပြုပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ချူအိုမီနီ အတွက် မိုနာကိုထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း + အပိုဆုကြေး ယူရို ၁၅သန်း ပေးချေဖို့ သဘောတူထားကြောင်းလည်း သိရပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ချူအိုမီနီကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့သာ လိုအပ်တော့ပြီး မကြာမီမှာ ချူအိုမီနီကို ဘာနေဗျူးကွင်းမှာ မြင်တွေ့ရမယ့် အလားအလာတွေ ရှိနေပါတယ်။

Exit mobile version