ပြီးခဲ့တဲ့ အယ်ကလက်စီကိုဒါဘီမှာ ဘာစီလိုနာအသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး လာလီဂါချန်ပီယံဆုကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ရေပန်းပိုစားလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ညမှာတော့ ရီးရဲလ်ဘက်တစ်အသင်းနဲ့ လာလီဂါပွဲစဉ်(၂၇)အဖြစ် ဘက်တစ်အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ကစားခဲ့ပြီး အိမ်ရှင်ဘက်တစ်က ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ရီးရဲလ်ဟာ အမှတ်ပေးဇယားရဲ့ဒုတိယနေရာကို ပြန်လည်ကျဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Getty Image

၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘန်ဇီမာ ဗင်နီစီယပ်စ် ကရူစ် မိုဒရစ် ဗက်ဇ်ကေး ကတ်စ်မဲလ်ရိုး မာဆယ်လို ရာမို့စ် ဗာရန်း မီလီတာအိုနဲ့ ကော်တိုအာတို့ ပါဝင်ခဲ့ပါတယ်။ အိမ်ရှင်ဘက်တစ်ဘက်မှာ လိုရန် ဂျိုအာကွင်း ဖယ်ကီအာ ဘာထရာ အီမာဆန်တို့လို ကစားသမားကောင်းတွေ ပါဝင်လာပြီး ရီးရဲလ်အသင်းကို မာမာထန်ထန် တုန့်ပြန်ကစားသွားခဲ့ပါတယ်။ ဘက်တစ်က ဒီပွဲမတိုင်ခင် ပြိုင်ပွဲစုံရပွဲတောင် နိုင်ပွဲပျောက်ထားခဲ့ပေမယ့်လို့ အစဉ်အလာတွေအတိုင်းပဲ ရီးရဲလ်နဲ့ဆုံတိုင်း အခက်တွေ့အောင် ကစားတတ်မှုတွေက မပျောက်ကွယ်သွားပဲ ပထမပိုင်းမှာဆိုရင် တိုက်စစ်ဆင်မှုအပိုင်းတွေမှာပါ ရီးရဲလ်ထက် အကုန်သာလွန်နေခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး မိနစ်၄၀ခန့်မှာ နောက်ခံလူ ဆီဒီနိတ်က ဧရိယာအတွင်း ရှပ်ယပ်ခတ်နေတဲ့ အနေအထားကနေ အပြင်းကန်ချက်နဲ့ အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း အချိန်ပိုမှာ ရီးရဲလ်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဘန်ဇီမာက ချေပဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက ပိုမိုဖိအားပေးနိုင်ခဲ့တယ်ဆိုပေမယ့်လည်း ဒုတိယပိုင်းပြန်စပြီး ၁၀မိနစ်မပြည့်ခင်မှာပဲ ဘက်တစ်ဘက်ကို ဦးဆောင်ပေးဂိုးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရကာ မိုဒရစ်ရဲ့ကယ်တင်မှုကြောင့် ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး ၈၂မိနစ်အရောက်မှာတော့ ဘက်တစ်အသင်းအတွက် သွင်းဂိုးကို ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ခရစ္စတီယန်တယ်လိုက သွင်းယူပေးသွားခဲ့ပြီး ဒီသွင်းဂိုးကို ရီးရဲလ်ဘက်ကနေ ဘယ်လိုမှ မချေပနိုင်တော့ပဲ အရေးနိမ့်သွားခဲ့ရပါတယ်။