လာလီဂါချန်ပီယံဆုအတွက် အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်နေတဲ့ ဘာစီလိုနာ အမှတ်လျော့ထားတာကို မဖြစ်မနေ အခွင့်ကောင်းယူထားရမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ညမှာတော့ ဘာစီလိုနာရဲ့ ကတ်တလန်မြို့ခံအသင်းဖြစ်တဲ့ အက်စပန်ညိုအသင်းနဲ့ လာလီဂါပွဲစဉ်(၃၂)ကို ယှဉ်ပြိုင်ကစားခဲ့ရပြီး ရီးရဲလ်က အိမ်ရှင်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ၄-၃-၃ ကစားကွက်နဲ့အတူ ဘန်ဇီမာ အစ္စကို ဟာဇက်် ကရူး ဗယ်ဗာဒီ ကတ်စ်မဲလ်ရိုး ရာမို့စ် ကာဗာဂျယ် မာဆယ်လို ဗာရန်း ကော်တွိုက်စ်တို့ကို သုံးစွဲလာခဲ့ပါတယ်။ ရလဒ်တွေဆိုးရွှားနေတာကြောင့် နည်းပြအပြောင်းအလဲပါ လုပ်ဆောင်ထားခဲ့ရတဲ့ အက်စပန်ညိုအသင်းကလည်း သူတို့အိမ်ကွင်းမှာ ရီးရဲလ်အတွက် ခက်ခက်ခဲခဲ ကစားရစေဖို့အတွက် အသေအချာ ပြင်ဆင်လာခဲ့ပြီး ရီးရဲလ်ဂိုးသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဒီယေဂိုလိုပက်ဇ်မှာလည်း ရီးရဲလ်ရဲ့ ဂိုးကန်ချက်တွေကို လက်စွမ်းပြသွားခဲ့ပါတယ်။ ရီးရဲလ်ကတော့ ပထမပိုင်းတစ်ပိုင်းလုံးမှာ အက်စပန်ညိုကို အဖက်ဖက်ကနေ အသာစီးရယူကစားနိုင်ခဲ့ပြီး အက်စပန်ညိုရဲ့တုန့်ပြန်ကစားပုံကြောင့်သာ ဂိုးရဖို့က ခက်ခဲခဲ့ရပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာပဲ ဘန်ဇီမာရဲ့ ဖန်တီးမှုကနေ ကတ်စ်မဲလ်ရိုးက ရီးရဲလ်အတွက် အဖွင့်ဂိုးကို စတင်သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းက ဒုတိယပိုင်းကိုလည်း ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အသင်းသားတွေရဲ့ ပွဲပန်းမှုဒဏ်တွေကြောင့်ရော အက်စပန်ညိုအသင်းရဲ့ တန်ပြန်ကစားအားကြောင့်ပါ နောက်ထပ်သွင်းဂိုးရဖို့က ခက်ခဲနေခဲ့ရသလို အနိုင်ရလဒ်ကနေ မတိမ်းစောင်းသွားစေဖို့ကိုလည်း သတိထားကစားနေခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ အက်စပန်ညိုက ချေပဂိုးရနိုင်ဖို့အတွက် ကြိုးစားကစားလာခဲ့ပေမယ့်လည်း ရီးရဲလ်က သူတို့အသင်းရဲ့ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့လို့ (၁)ဂိုးတည်းနဲ့ပဲ နိုင်ပွဲရသွားခဲ့ပါတယ်။