စပိန်လာလီဂါရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ စီးရီးအေကလပ် အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ အာဂျင်တီးနားသတင်းဌာနတွေက အသီးသီး ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Metro.com

ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်ရဲ့ တိုက်စစ်ပိုင်းကို လူကာကူနဲ့အတူ တွဲဖက်ကာ ဦးဆောင်နေတဲ့ မာတီနက်စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၂၀ပွဲ ကစားထားရာမှာ အင်တာမီလန်အသင်းအတွက် ၁၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး တစ်ဂိုးဖန်တီးပေးထားနိုင်ခဲ့ကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Metro.com

ဒါ့ကြောင့်လည်း အသက်အရွယ်ရလာပြီ ဖြစ်တဲ့ ဆွာရက်ဇ်ရဲ့နေရာနဲ့ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်နေရတဲ့ ဒမ်ဘီလီတို့ရဲ့နေရာအတွက် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိုနေတဲ့ ဘာစီလိုနာအသင်းဟာ မာတီနက်စ်ကို ခေါ်ယူဖို့ ဆက်တိုက်ဆိုသလို သတင်းတွေ ထွက်ပေါ်နေခဲ့သလို အီတလီသတင်းစာတွေရဲ့ အဆိုအရ ဘာစီလိုနာဟာ မာတီနက်စ်ကို နွေရာသီအပြောင်းအရွှေ့မှာ ပေါင်၉၃သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီလို့ ဖော်ပြထားကြပါတယ်။

Photo Credit: Metro.com

ဒါပေမယ့် နောက်ဆုံးရရှိတဲ့ အာဂျင်တီးနား သတင်းတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ မာတီနက်စ်ကို ခေါ်ယူဖို့အတွက် စတင်ကြိုးပမ်းလာတယ်လို့ သိရှိထားရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ သူတို့အသင်းရဲ့ ဝါရင့် ကစားသမားဖြစ်သူ ဘန်ဇီမာရဲ့နေရာအတွက် မာတီနက်စ်ကို ခေါ်ယူကာ အစားထိုးလိုနေတာလဲ ဖြစ်ပါတယ်။