ရီးယဲလ် မက်ဒရစ်အသင်းကတော့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာ (ACL Injury) ကြောင့် ကာလ အတန်ကြာ အနားယူသွားရတော့မယ့် ဂိုးသမား ကော်တွိုက်နေရာမှာ အစားထိုးဖို့အတွက် လိဒ်စ် ယူနိုက်တက် ဂိုးသမား အီလန် မေလီယေကိုပါ ပစ်မှတ်ထားလာခဲ့တယ်လို့ စပိန် သတင်းမီဒီယာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။
ရီးယဲလ်အသင်းရဲ့ ပင်တိုင် ဂိုးသမားဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမား ကော်တွိုက်က သူရဲ့ ဘယ်ဘက်ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ခွဲစိတ်မှုပါ ခံယူသွားရတော့မှာဖြစ်လို့ တစ်ရာသီလုံးနီးပါးတောင် အနားယူရနိုင်တဲ့အတွက် ရီးယဲလ်က ဂိုးသမားတစ်ဦး အပူတပြင်း ရှာဖွေလာခဲ့ပါတော့တယ်။
Photo Credit : Clutch Points
အစပိုင်းမှာတော့ ယခင်က ရီးယဲလ်အသင်း အလိုချင်ဆုံး ပစ်မှတ်ဟောင်း ဖြစ်ခဲ့သူ ဒေးဗစ် ဒီဂီယာနဲ့ သတင်းထွက်လာခဲ့ပါတယ်။ လက်ရှိမှာလည်း စပိန် လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာက မန်ယူနိုက်တက်နဲ့ လမ်းခွဲထားလို့ အသင်းလက်မဲ့လည်း ဖြစ်နေချိန် ရီးယဲလ်နဲ့ ကောလဟာလတွေ အတော်လေး ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီဂီယာဟာ ရီးယဲလ်အသင်း သူ့ကို အသည်းအသန် ခေါ်ယူချင်ခဲ့စဉ်တုန်းကလို လက်စွမ်းမျိုးတွေ ပိုင်ဆိုင်ထားခြင်း မရှိတော့သလို သူရဲ့တစ်ပတ် လုပ်ခ အလွန် များပြားလွန်းတာကြောင့်လည်း အလွတ်နဲ့ ခေါ်ယူခွင့် ရှိနေရင်တောင် နည်းပြကြီး အန်စလော့တီက ဒီဂီယာကို ခေါ်ယူဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။
Photo Credit : TEAMtalk
ဒါကြောင့် တခြား ဂိုးသမား ထပ်ရှာလာရတဲ့ ရီးယဲလ်ဟာ လက်ရှိမှာတော့ လိဒ်စ်အသင်းရဲ့ ပြင်သစ် ဂိုးသမား မယ်လီယေကို မျက်စိကျလာခဲ့ပါတယ်။ အသက် (၂၃)နှစ်သာ ရှိနေသေးတဲ့ မယ်လီယေဟာ ၂၀၂၀ခုနှစ်ကတည်းက လိဒ်စ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး သူရဲ့ အရပ်အမောင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကြောင့် ကော်တွိုက်နဲ့ပါ နှိုင်းယှဉ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ ရီးယဲလ်အသင်းက ဂိုးသမားတစ်ဦး ချက်ချင်းရဖို့ မဖြစ်နိုင်သေးတာကြောင့် အသင်းရဲ့ နောက်ထပ် ဂိုးသမားတစ်ဦးဖြစ်သူ ယူကရိန်း ဂိုးသမား လူနင်ကိုပဲ ဘီလ်ဘာအိုအသင်းနဲ့ပွဲမှာ အသုံးပြုသွားဖို့ သေချာနေသလို နောက်ပွဲတွေမှာလည်း လူနင်ကပဲ ကော်တွိုက်နေရာမှာ ဆက်ကစားသွားရနိုင်ပါတယ်။