MySport Myanmar

အမ်ဘာပေကို ခေါ်ယူဖို့ ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက်မှာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲ ပါဝင်နေသူ ဖြစ်ပြီး သူက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ ကစားသမား ဘဝ အတွက် ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: CNN

လက်ရှိမှာ အမ်ဘာပေက ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်ကာ သူဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်ပဲ ရာသီကုန်ချိန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ်လို့ တရားဝင် အသိပေးထားပြီး ပီအက်စ်ဂျီကလည်း အမ်ဘာပေရဲ့ ဆန္ဒကို လေးစားတာကြောင့် ကြိုက်တဲ့အသင်းနဲ့ ဆွေးနွေးခွင့် ပေးထားပါတယ်။

အမ်ဘာပေက ပီအက်စ်ဂျီကို စွန့်ခွာပြီးရင် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် လတ်တလောမှာ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေနဲ့ အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေကလည်း အပေါင်းလက္ခဏာ ဆောင်နေပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ဟာ အပြောင်းအရွှေ့ တခုမှာ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်တဲ့ လုပ်ခလစာ အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းပြီးရင် ဗင်နီးစီးယပ်စ် ၊ ဘယ်လင်ဟမ် စတဲ့ ကစားသမားတွေနဲ့ တူညီတဲ့ လုပ်ခလစာကို ရရှိမယ်လို့ သိရှိရပါတယ်။

ဗင်နီးစီးယပ်စ်က လက်ရှိမှာ တနှစ် လုပ်ခလစာ ယူရို ၂၀သန်း ရရှိနေတာကြောင့် အမ်ဘာပေရဲ့ လုပ်ခလစာကလည်း ယူရို ၂၀သန်း ဝန်းကျင် ဖြစ်နိုင်ပြီး အမ်ဘာပေက အခြေခံလစာ ယူရို ၂၀သန်း အပြင် အပိုဆုကြေးတွေ ထပ်ရဖို့ ရှိနေတာကြောင့်ပဲ သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းရင် ကောင်းသလောက် လုပ်ခလစာကလည်း မြင့်တက်လာဦးမှာပါ။

Exit mobile version