စပိန်လာလီဂါ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ယခုနှစ် ဘောလုံးရာသီမှာ ဖီယင်နုနဲ့အတူ ခြေစွမ်းကော်ငးတွေ ပြသထားတဲ့ တိုက်စစ်မှူး ဆန်တီယာဂို ဂျီမီနက်ဇ်ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး ဂျီမီနက်ဇ်က ၂၀၂၂ခုနှစ်မှာ မက္ကဆီကိုကလပ် ခရူစ် အဇဲလ်ကနေ ဖီယင်နုထံ ပြောင်းရွှေ့ကြေး ယူရို ၆သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဖီယင်နုထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

Photo Credit: Goal

ဂျီမီနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီယင်နု အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဖီယင်နု အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

ဆန်တီယာဂို ဂျီမီနက်ဇ်က အထောင်တိုက်စစ် အပြင် နောက်ချန်တိုက်စစ်မှူး အဖြစ်ပါ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ အင်တာမီလန်နဲ့ နာပိုလီတီု့က သူ့ကို စောင့်ကြည့်နေကြပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goalရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့က ဆန်တီယာဂို ဂျီမီနက်ဇ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေကြပြီး ဘာစီလိုနာနဲ့ အင်တာမီလန်တို့က ဂျီမီနက်ဇ်ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှု တချို့ လုပ်ထားကြသလို ရီးရဲလ်မက်ဒရစ်ကလည်း သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ဂျီမီနက်ဇ်ကို ထည့်သွင်းထားကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတဲ့ အသင်း ဖြစ်ပြီး သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်က ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ ဖြစ်ပေမယ့် အမ်ဘာပေကိုသာ မရခဲ့ရင် ဂျီမီနက်ဇ်ကို ခေါ်ယူဖွယ် ရှိကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။