MySport Myanmar

အာဆင်နယ် ခေါ်ယူချင်နေတဲ့ ဆက်စ်ကိုကို ရောင်းချမှာ မဟုတ်ဘူးလို့ လိုက်ပ်ဇစ် တုံ့ပြန်

တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖြည့်တင်းသွားချင်နေတဲ့ အာဆင်နယ်အသင်းဟာ လတ်တလောမှာတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုကို ခေါ်ယူသွားချင်နေပြီး ကမ်းလှမ်းမှုလည်း ပြုလုပ်ထားပေမယ့် လိုက်ပ်ဇစ်ဘက်ကတော့ သူတို့ ကစားသမားကို ရာသီကုန်အထိ အသင်းမှာ ဆက်ထားရှိသွားချင်နေပါတယ်။

ဆလိုဗေးနီးယား တိုက်စစ်ကစားသမား ဆက်စ်ကိုဟာ အာဆင်နယ် အလိုရှိနေတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်သလို နွေတုန်းကလည်း ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆက်စ်ကိုက အသင်းပြောင်းဖို့ထက် လိုက်ပ်ဇစ်နဲ့သာ စာချုပ်သက်တမ်း တိုးသွားခဲ့လို့ အခု ဆောင်းဈေးကွက်မှ တဖန် ပြန်လည် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

လက်ရှိ အာဆင်နယ်ရဲ့ တိုက်စစ်မှာ ကိုင်း ဟားဗက်ဇ်က အထောင်တိုက်စစ်မှူးအဖြစ် အသေအချာ ကစားနိုင်ခြင်း မရှိသလို ဂါဘရီရယ်လ် ဂျေဇူးကပါ ACL ထိသွားခဲ့တာကြောင့် နံပါတ်(၉)နေရာအတွက် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးက မဖြစ်မနေ ခေါ်ယူသွားရဖို့ လိုအပ်လာခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က နွေကတည်းက မခေါ်ယူလိုက်နိုင်ခဲ့တဲ့ ဆက်စ်ကိုကို ပြန်လည် ကြိုးပမ်းခဲ့ပြီး ကနဦးက အငှား+အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းမယ်လို့ သတင်းထွက်ခဲ့သေးပေမယ့် တကယ်တမ်းတော့ အပြီးသတ် ကမ်းလှမ်းမှုသာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်ဘက်ကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

Photo Credit : The New York Times

လိုက်ပ်ဇစ်အသင်းက သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)လောက်အထိ သတ်မှတ်ထားတာ ဖြစ်သလို အခုလို ဘောလုံးရာသီဝက်မှာ အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိကြောင်း လိုက်ပ်ဇစ်နည်းပြ မားကို့ ရိုဆဲလ်ကိုယ်တိုင်ပါ မနေ့က ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ပြောဆိုထားခဲ့ပါသေးတယ်။

ဒီအခြေအနေကြောင့် အာဆင်နယ်က တခြား တိုက်စစ်ကစားသမားတွေကိုသာ ပိုမို ပစ်မှတ်ထားနေရပြီး လက်ရှိ အာဆင်နယ် ချိန်ရွယ်နေတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ဘရန့်ဖိုု့ဒ် အမ်ဘူမို၊ ဘရိုက်တန်က အီဗန် ဖာဂူဆန်တို့လည်း ပါဝင်နေသလို ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်းက တိုက်စစ်မှူး အီဂေါ ဂျီးဆပ်စ်ကိုလည်း ကြိုးပမ်းနေပါတယ်။

Exit mobile version