ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောင်ရောဂါကြောင့် ရပ်နားထားခဲ့ရတဲ့ ဘောလုံးပြိုင်ပွဲတွေထဲကမှ ဂျာမန်ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲကတော့ မနေ့က မေလ(၁၆)ရက်နေ့မှာတော့ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ မနေ့က ပြန်လည်စတင်ခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေတဲ့ ရက်ဘူးလိုက်ပ်ဇစ်အသင်းက ဖရိုင်းဘတ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပြီး ဧည့်သည်အသင်းရဲ့ ဦးဆောင်ဂိုးကို မနည်းချေပခဲ့ရပြီး တစ်ဖက်ကို (၁)ဂိုးစီ သရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : The Sun

အဆိုပါပွဲအတွင်းမှာ လိုက်ပ်ဇစ်ဘက်က ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာက အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဦးဆောင်ပါဝင်လာခဲ့ပေမယ့် အသင်းအတွက်တော့ သွင်းဂိုးမရယူနိုင်ခဲ့သလို အနိုင်ရလဒ်ကိုလည်း မဖော်ဆောင်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီပွဲမတိုင်ခင်မှာ လိုက်ပ်ဇစ်အသင်းက သူတို့အသင်းရဲ့ တရားဝင်တွစ်တာစာမျက်နှာပေါ်ကနေ အသင်းရဲ့တိုက်စစ်မှူးဝါနာနဲ့ပတ်သက်တဲ့ ထူးထူးခြားခြား ပို့စ်တစ်ခုကို ဖော်ပြသွားခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းဟာ သူတို့ရဲဲ့ တွစ်တာပေါ်မှာ ဝါနာရဲ့ဓါတ်ပုံနဲ့အတူ “လီဗာပူးလ်ပရိသတ်တွေ မင်းတို့ဝါနာကို ချစ်တယ်မလား ငါတို့လည်းချစ်တယ် ဒါကြောင့် တို့တွေအတူ သူ့ကိုအားပေးကြရအောင်လား” လို့ စာသားကို ရေးသားဖော်ပြထားခဲ့ပါတယ်။

Photo Credit : The Sun

လိုက်ပ်ဇစ်အသင်းဘက်ကနေ အခုလိုကြီး ဖော်ပြမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ဝါနာနဲ့ လီဗာပူးလ်အသင်းတို့ကြားက အပြောင်းအရွှေ့သတင်းတွေဟာ ပိုမိုလှုပ်ခတ်လာခဲ့ရပြီး ဝါနာကလည်း လီဗာပူးလ်ကစားသမားသစ်ဖြစ်လာဖို့ ပိုမိုနီးစပ်လာခဲ့ရပါတယ်။ လီဗာပူးလ်ပရိသတ်တွေကလည်း လိုက်ပ်ဇစ်အသင်းရဲဲ့ အခုလို ဖော်ပြမှုအပေါ်မှာ စိတ်ကျေနပ်နေကြပြီး ဝါနာကိုလည်း သူတို့ဘက်ကနေ အားပေးနေကြောင်း မှတ်ချက်ပြုပြောဆိုလာခဲ့ကြပါတယ်။ ဝါနာဟာ လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာသွားဖို့ နီးစပ်နေသူဖြစ်ပြီး သူ့ကို လီဗာပူးလ်အပါအဝင် ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ စိတ်ဝင်တစားရှိနေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လီဗာပူးလ်ကိုပဲ ရွေးချယ်ချင်နေသလို ဂျာမန်လူမျိုး ဘောလုံးနည်းပြကြီးဖြစ်တဲ့ ယာဂင်ကလော့ရဲ့လက်အောက်မှာ လာရောက်ကစားချင်နေပါတယ်။ လီဗာပူးလ်ကတော့ ဝါနာကို လာမယ့်စျေးကွက်အတွင်းမှာ ပေါင်(၅၂)သန်းနဲ့ ကမ်းလှမ်းဖွယ်ရှိလို့နေပါတယ်။