သူ့ကို အငှားနဲ့ ခေါ်ယူထားတဲ့ အာဆင်နယ်အသင်းဆီ အပြီးသတ် အပြောင်းအရွှေ့နဲ့ပါ ပြောင်းရွှေ့ရဖို့အတွက် သဘောတူညီချက် တစ်စုံတစ်ရာမှ ရရှိထားခြင်း မရှိသေးဘူးလို့ ဂိုးသမား ဒေးဗစ် ရာယာက အတည်ပြု ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ စပိန် ဂိုးသမား ရာယာဟာ ပြီးခဲ့တဲ့နွေကပဲ အာဆင်နယ်အသင်းဆီ တစ်ရာသီ အငှားစာချုပ် ပြောင်းရွှေ့ကြေး ပေါင် (၂၇)သန်းတန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အာရွန် ရမ်းစ်ဒေးလ်တစ်ဦးလုံး ရှိနေပါလျက်နဲ့ ရာယာကို ရအောင် ခေါ်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုကို ဘောလုံးသုံးသပ်သူတွေက ဝေဖန်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

ရာယာဟာလည်း ရမ်းစ်ဒေးလ်ရဲ့နောက် ဒုတိယ ဦးစားပေးနဲ့သာ ကစားနေရရင်းနဲ့ ရမ်းစ်ဒေးလ် လက်စွမ်းပိုင်း ကျဆင်းလာချိန်မှာ နည်းပြ အာတီတာက ရာယာကို ပွဲကစားခွင့် တောက်လျှောက်ပေးလာခဲ့ရာမှ ရာယာက သူရဲ့ လက်စွမ်းတွေကို ဆက်တိုက် ပြသလာနိုင်ခဲ့ပါတယ်။

ရာယာဟာ အာဆင်နယ်ရဲ့ ဂိုးပေါက်မှာ တောက်လျှောက် တာဝန်ယူခဲ့ရင်း ဒီရာသီ ပြိုင်ပွဲစုံ (၄၁)ပွဲအထိပါ ကစားခဲ့ပြီး ပွဲပေါင်း (၂၀)အထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာပါ (၁၆)ပွဲအထိ Clean Sheets ရယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဆု ရွှေလက်အိပ်ဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

Photo Credit : The New York Times

ဒီလို လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ရာယာကို အာဆင်နယ်ဘက်က အပြီးသတ် ခေါ်ယူသွားမှာ သေချာနေပြီး ရမ်းစ်ဒေးလ်ကိုတောင် အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ထားပေမယ့်လည်း အခုထိတော့ သူ့ကို အပြီးသတ် ခေါ်ယူမယ့်ကိစ္စက ဘာမှ မထူးခြားလာသေးဘူးလို့ ရာယာကိုယ်တိုင် ထုတ်ဖော် ပြောဆိုလာပါတယ်။

“ကျွန်တော်ကတော့ အနာဂတ်ကို သိပ်ပြီး မတွေးချင်ပါဘူး။ နောက်ပြီးတော့ ဒါက ကျွန်တော် တစ်ဦးတည်းအပေါ်မှာပဲ မူတည်မနေဘူး။ ကလပ်အသင်းနဲ့ မီခယ်လ်(အာတီတာ)တို့အပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော်ရဲ့ အသင်းအတွက် စွမ်းဆောင်မှုတွေက လုံလောက်စွာ ကောင်းမွန်နေမယ်ဆိုရင်တော့ သူတို့က ကျွန်တော့်ကို စာချုပ်တစ်ခု ကမ်းလှမ်းလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ ရာယာက ဖွင့်ဟထားခဲ့ပါတယ်။