အာဆင်နယ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ် ရာယာက ပေါ်တိုအသင်းရဲ့ နာကျင်အချိန်ပို အသည်းခွဲ သွင်းဂိုးက ကောင်းမွန်လှတဲ့ အဆုံးသတ် သွင်းဂိုးတစ်ဂိုး ဖြစ်တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တို နဲ့ အာဆင်နယ်အသင်းတို့ဟာ မနေ့ညက ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ရင်း အိမ်ရှင်ပေါ်တိုက ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါလီနိုရဲ့ နောက်ကျသွင်းဂိုးနဲ့ အိမ်ကွင်းမှာ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

Photo Credit : Times Now

ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းက ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရှိခဲ့တဲ့အထိ တိုက်စစ်စွမ်းဆောင်ရည်ပိုင်းမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသလို ပေါ်တိုကွင်းမှာ ကစားရတိုင်း ရလဒ်မကောင်းတက်တဲ့ အစဉ်အလာဆိုးကနေလည်း ရုန်းမထွက်နိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

ပွဲအပြီး အင်တာဗျူးမှာတော့ ရာယာက “နောက်ဆုံးမိနစ်မှ တစ်ဂိုး ခွင့်ပြုပေးလိုက်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ဒါက တစ်ကျော့တည်းရဲ့ ရလဒ်ပဲ ရှိပါသေးတယ်။ နောက်တစ်ကျော့က အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲကိုတော့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပါတယ်။”

Photo Credit : Football London

“ဒီဂိုးကို ခွင့်မပြုခင်ကတည်းက ကျွန်တော်တို့ ပွဲကို ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းကစားနိုင်ခဲ့သင့်တာ။ အဝေးကွင်းမှာ ဂိုးမရှိသရေ ရလဒ်ဖြစ်နေတာဆိုတော့ နည်းနည်းလောက် တည်ငြိမ်အောင် ကစားနိုင်ခဲ့သင့်တယ်။ ဒါပေမယ့် ဒီဂိုးကတော့ တကယ်ကောင်းမွန်တဲ့ အဆုံးသတ် ဂိုးတစ်ဂိုးပါပဲ။ ဧရိယာအပြင်ဘက်ကနေ အဆုံးသတ်ကန်ချက်က တကယ်ကောင်းပါတယ်။”

“ကျွန်တော်တို့အသင်းလည်း ကောင်းမွန်အောင် ကစားနိုင်ခဲ့တယ်လို့ ထင်မိပါတယ်။ အထူးသဖြင့် ခံစစ်ကစားပုံပေါ့။ သူတို့အသင်းက ကောင်တာတိုက်စစ်တွေနဲ့ ကျွန်တော်တို့ကို ထိုးဖောက်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ ခံစစ်ကစားပုံက အရမ်းကောင်းနေလို့ သူတို့အသင်း အခွင့်အရေးတွေ မရလိုက်ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။