ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရေးပါလာကတော့ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့ နေရတာကြောင့် သူ့ရဲ့ အသင်းဟောင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်း သွားရနိုင်ကြောင်း သုံးသပ် ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး ၆သင်းထဲမှာ တစ်သင်း အပါအဝင် ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိ ဘောလုံးရာသီ မှာတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တေွ ဆက်တိုက် ဆိုသလို ဆိုးရွားနေပြီး နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၅ပွဲမှာ ၁ပွဲသာ သရေရလဒ် ထွက်ပေါ်ခဲ့ကာ ၄ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေး ဇယားရဲ့ အဆင့် ၁၅နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Football London

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ပွဲ ပါဝင် ကစားထားရာ ရမှတ် ၁၄မှတ်သာ စုဆောင်း ထားနိုင်ခဲ့ပြီး ဒါဟာ အသင်းကြီး တစ်သင်းအတွက် မလုံလောက်တဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ လက်ရှိမှာ အာဆင်နယ် အသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ အာတီတာကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆို နေကြပေမယ့် အာဆင်နယ် အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ အာတီတာကို ထောက်ခံ နေဆဲပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဖြစ်သူ ရေးပါလာ ကတော လက်ရှိပုံစံ အတိုင်းသာ ဆက်သွားရင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားရနိုင်ကြောင်း အသင်းဟောင်းကို သတိပေး သွားခဲ့ပါတယ်။

Photo Credit: Football London

အာဆင်နယ်အသင်းသာ လက်ရှိပုံစံအတိုင်း ဆက်သွားပါက တန်းဆင်း သွားရနိုင်ကြောင်းကို ရေးပါလာက “တကယ်လို့ တခြားတစ်ယောက်ကသာ အခြားနေ့မှာ ကျွန်တော့်ကို အာဆင်နယ် အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်လား လို့ လာမေးရင်တော့ နိုး ၊ လုံးဝ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ပြန်ဖြေနိုင်ပါတယ်။ ဒါပေမယ့် လက်စတာ အသင်းက ၅၀၀၀လေး ၁လေး ဆိုတဲ့ အနေအထား ကနေ ပရီးမီးယားလိဂ် ဖလားကို ရသွားတာ ခင်ဗျားလည်း သိပါတယ်။ ဒါ့ကြောင့် အာဆင်နယ် အသင်းလည်း တန်းဆင်း သွားနိုင်ပါတယ်။ တကယ်လို့ သူတို့သာ အခုချိန်ကစပြီး ပြုပြင် ပြောင်းလဲမှုတွေ မလုပ်နိုင်ခဲ့ရင် တကယ် ပြဿနာနဲ့ ကြုံတွေ့ရနိုင်ပါတယ်” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။