MySport Myanmar

ဗီလာရီးယဲလ်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် ရာအူးလ် ဂွန်ဇာလက်ဇ်

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ရာအူးလ် ဂွန်ဇာလက်ဇ်ဟာ မကြာခင်မှာပဲ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ စပိန် နာမည်ကျော် သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

ဗီလာရီးယဲလ်အသင်းက ဒီနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးရွှားနေပြီး (၄)ပွဲ ကစားပြီးချိန် (၃)ပွဲရှုံး (၁)ပွဲသာ နိုင်ထားသေးတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၁၅)နေရာမှာ ရပ်တည်နေရသလို အသင်းနည်းပြ ဆယ်တီယန်ကိုလည်း နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

Photo Credit : Football Espana

လစ်လပ်သွားတဲ့ အသင်းနည်းပြ နေရာမှာ စပိန်လူမျိုး ဘောလုံးနည်းပြတွေဖြစ်တဲ့ လိုပက်တယ်ဂီ ၊ ဟာဗီဂါဆီယာ နဲ့ ဂယ်လာဒိုတို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့်လည်း Marca ရဲ့ ဖော်ပြချက်မှာတော့ ဗီလာရီးယဲလ်က ရီးယဲလ် legend ကြီး ရာအူးလ်ကိုသာ ပိုမို အလိုရှိလာတယ်လို့ သိရပါတယ်။

အသက် (၄၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန် နဲ့ ရီးယဲလ် ကစားသမားဟောင်းကြီး ရာအူးလ်ဟာ လက်ရှိမှာ ရီးယဲလ် လူငယ်အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး သိပ်မကြာသေးခင်ကလည်း လိဒ်စ် ၊ ဖရန့်ဖတ် ၊ ရှော်ကေး ၊ အက်စပန်ညိုတို့လို ကလပ်အသင်းတွေရဲ့ ချိတ်ဆက် ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့ပေမယ့် ရီးယဲလ် လူငယ်အသင်းရဲ့ ပရောဂျက်ကိုသာ သဘောကျလို့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် လက်ရှိမှာတော့ ဗီလာရီးယဲလ်အသင်းရဲ့ စိတ်ဝင်စားမှုကိုတော့ ရာအူးလ်ကိုယ်တိုင် သဘောကျလို့နေပြီး ရာအူးလ်သာ ဗီလာရီးယဲလ်ကို ကိုင်တွယ်ချင်မယ်ဆိုရင်လည်း ရီးယဲလ်အသင်းဘက်က ကြည်ကြည်ဖြူဖြူနဲ့ကို ခွင့်ပြုသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

တကယ်လို့ ရာအူးလ်သာ ဗီလာရီးယဲလ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင်တော့ နည်းပြဘဝနဲ့ လာလီဂါကို တစ်ကျော့ပြန် လာနိုင်မှာဖြစ်ပြီး ရာအူးလ်ရဲ့ နည်းပြ အရည်အသွေးကိုလည်း အသေအချာ မြင်တွေ့ လေ့လာရနိုင်ဖွယ်လည်း ရှိနေပါတယ်။

Exit mobile version