MySport Myanmar

အက်စပန်ညိုအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ရီးယဲလ်ဂန္တဝင် ကစားသမား ရာအူးလ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်သူ ရာအူးလ်ဂွန်ဇာလက်ဇ်ဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက် ဘောလုံးနည်းပြနယ်ပယ်ထဲ ဝင်ရောက်လာချိန်မှာ သူရဲ့ အမြတ်နိုးဆုံး ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်ရဲ့ လူငယ်အသင်းနဲ့ အရန်အသင်းတွေ ကိုင်တွယ်နေခဲ့ပြီး အက်စပန်ညိုအသင်း အပါအဝင် ကလပ်အသင်း(၃)သင်းရဲ့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း ရာအူးလ်ဘက် ဒီကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

အသက်(၄၅)နှစ်အရွယ်ရှိ ရီးယဲလ်နဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရာအူးလ်ဟာ ၂၀၁၅ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီးနောက် (၃)နှစ်အကြာမှာပဲ ရီးယဲလ်ယူ-၁၅အသင်းရဲ့ နည်းပြဖြစ်လာခဲ့ရပြီး တစ်နှစ်အကြာမှာတော့ ရီးယဲလ်အရန်အသင်းနည်းပြ ဖြစ်လာခဲ့ပါတယ်။ တိုက်စစ်ကစားသမားကြီး ရာအူးလ်ဟာ စီနီယာကစားသမားဘဝကို ရီးယဲလ်အသင်းမှာပဲ စတင်ခဲ့သလို သူရဲ့နည်းပြဘဝကိုလည်း ရီးယဲလ်အရန်အသင်းမှာပဲ စတင်ခဲ့ပြီး အခုဆိုရင် ရီးယဲလ်အရန်အသင်း နည်းပြအဖြစ် ဘောလုံးရာသီ (၃)ရာသီအထိတောင် ဖြတ်သန်းထားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Marca

အဲ့ဒီ(၃)ရာသီအတွင်းမှာ နိုင်ပွဲရာခိုင်နှုန်း (၄၀)%ထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ နည်းပြရာအူးလ်ကို အက်စပန်ညိုအသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ရာအူးလ်ဘက်က ပယ်ချခဲ့လို့ ဒီယေဂိုမာတီနက်ဇ်ကိုသာ ပြောင်းလဲခန့်အပ်ခဲ့ရပါတယ်။ ရာအူးလ်ကို အက်စပန်ညို တစ်သင်းတည်းကသာ စိတ်ဝင်စားခဲ့တာ မဟုတ်ပဲ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာလည်း နည်းပြကြီး ဘီယယ်ဆာနဲ့ လက်တွဲဖြုတ်ချိန်က ရာအူးလ်ကို ဘီယယ်ဆာနေရာမှာ အစားထိုးသွားဖို့ ကြိုးပမ်းခဲ့ပါသေးသလို ယူရိုပါလိဂ်ဖလားချန်ပီယံ ဖရန့်ဖတ်အသင်းကပါ ပြီးခဲ့တဲ့ နွေလောက်က ရာအူးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် ရာအူးလ်ဘက်ကတော့ ကမ်းလှမ်းမှု မှန်သမျှကို အားလုံးငြင်းဆန်ထားခဲ့ပြီး ရီးယဲလ်အရန်အသင်းကိုသာ ဆက်လက်ကိုင်တွယ်လျက် ရှိနေသလို လက်ရှိ ရီးယဲလ်နည်းပြကြီး ကားလို့အန်စလော့တီ အသင်းနဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် အန်စလော့တီရဲ့နေရာကို အစားထိုး ဝင်ရောက်ဖွယ်လည်း ရှိနေပါတယ်။ ရာအူးလ်ဟာ ရီးယဲလ်အသင်းအတွက် ပွဲပေါင်း (၇၄၁)ပွဲ ပါဝင်ကစားထားခဲ့ပြီး စုစုပေါင်း (၃၂၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား (၃)ကြိမ်နဲ့ လာလီဂါဖလား (၆)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version