ဝုဗ်အသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျီမီနက်ဇ် ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဦးခေါင်းခွံပျက်စီး ဒဏ်ရာ ကြောင့် ခွဲစိတ်ခန်း ဝင်ခဲ့ရကြောင်း ဝုဗ်အသင်းဘက်ကနေ အတည်ပြုထုတ်ပြန် ပြောကြားလိုက်ပါတယ်။ ဝုဗ်အသင်းဟာ တနင်္ဂနွေနေ့ ညပိုင်းလောက်က အာဆင်နယ် အသင်းကို အမ်းမရိတ် ဘောလုံးကွင်းထဲမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ပြီး ၁ ဂိုး -၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဝုဗ် အသင်း အနေနဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပေမယ့်လည်း တိုက်စစ်ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျီမီနက်ဇ် ကတော့ ပွဲကစားချိန် အစောပိုင်းလောက်မှာ ပြိုင်ဘက် အသင်းရဲ့ ခံစစ်ကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်လု့ဇ်နဲ့ ထိခိုက် မိခဲ့ပါတယ်။

Photo Credit: Metro

ပွဲကစားချိန် ၅ မိနစ်လောက်မှာ အာဆင်နယ် အသင်းဘက်ကနေ ထောင့်ကန်ဘော ရရှိခဲ့ပြီးတော့ အဆိုပါ ထောင့်ကန် ဘောကို ဂျီမီနက်ဇ် က ခေါင်းနဲ့ ခုန် တိုက်ကာ ဖြတ်ထုတ်ခဲ့ပါတယ်။ အဲ့ဒီလို ဖြတ်ထုတ်ရာမာ ဒေးဗစ်လု့ဇ်နဲ့ ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဂျီမီနက်ဇ် ကို ဆေးအဖွဲ့တွေက အချိန်အတော်ကြာအောင် ကုသမှု ပေးခဲ့ရပြီး အခြေအနေ မကောင်းတဲ့ နောက်ဆုံး လူစားလဲခဲ့ရပါတယ်။ ဂျီမီနက်ဇ် ရဲ့ ဦးခေါင်း ပတ်လည်မှာ ပတ်ထားတဲ့ ပတ်တီးမှာလည်း သွေးအလိမ်းလိမ်းပေကြံနေတာကို မြင်တွေ့ခဲ့ရပြီးတော့ ဆေးအဖွဲ့တွေက အရေးပေါ် ဆေးကုသမှုပေးအပြီး ချက်ချင်းပဲ ဆေးရုံကို အလျှင်အမြန်ပို့ဆောင် လိုက်ရပါတယ်။ ဝုဗ်အသင်းရဲ့ နည်းပြ ဖြစ်သူ နူနို အက်စ်ပီရီတို စန်တို ကတော့ ပွဲအပြီးမှာ ဂျီမီနက်ဇ် အနေနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပြီးတော့ ဒီနေ့မှာတော့ အသင်းဘက်ကနေ ဂျီမီနက်ဇ် ရဲ့ ဦးခေါင်းခွံဟာ ပျက်စီးသွားခဲ့ပြီးတော့ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Photo Credit: Metro

အသင်း ရဲ့ တရားဝင် ဝက်ဆိုဒ် ကနေ ထုတ်ပြန်ထားတဲ့ စာမှာတော့ “ ရာအူးလ်(ဂျီမီနက်ဇ်) အနေနဲ့ မနေ့ညက လန်ဒန် ဆေးရုံမှာ စစ်ဆေးမှုတွေ ခံယူခဲ့ပြီးတော့ အဆင်ပြေနေပါတယ်။ သူ အခု ကောင်းကောင်း အနားယူနေပါတယ်။ သူ့ အနေနဲ့ ရက်အနည်းငယ်ကြာအောင် စစ်ဆေးခံရဖို့ ရှိနေပါသေးပြီးတော့ ပြန်လည် သက်သာလာနိုင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ ဒဏ်ရာ ပြဿနာ အပေါ် အကျွမ်းကျင်ဆုံးနဲ့ အလျင်အမြန်ဆုံး လုပ်ကိုင်ပေးခဲ့ကြတဲ့ အာဆင်နယ်မှာ ရှိတဲ့ ဆေးဝန်ထမ်းတွေ၊ NHS ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ခွဲစိတ်ဆရာဝန် တွေ ကို ကျွန်တော်တို့ အသင်းဘက်ကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ” ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာတော့ ဒဏ်ရာ ရရှိသွားတဲ့ ဂျီမီနက်ဇ် ရဲ့ နေရာမှာ‌နွေရာသီ အပြောင်းအရွှေ့တုန်းက ပေါ်တိုအသင်း ကနေ ပေါင် ၃၅.၆ သန်း နဲ့ ခေါ်ယူထားတဲ့ ၁၈ နှစ် အရွယ် လူငယ် ကစားသမား ဖာဘီအို ဆေးလ်ဗား က ဝင်ရောက် ကစားသွားခဲ့ပါတယ်။