ဝုလ်ဗ်အသင်းမှာ ခြေစွမ်းပြသလျက်ရှိပြီး အသင်းအတွက် သွင်းဂိုးတွေကိုလည်း ရယူလို့ပေးနေတဲ့ မက္ကဆီကိုတိုက်စစ်မှူး ရာအူးဂျီမီနက်ဇ်ဟာ သူရဲ့အရည်အသွေးတွေကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်ထားမှုတွေကို ရရှိလာခဲ့သလို ဘောလုံးသမားတွေရဲ့အပြောင်းအရွှေ့ကိစ္စတွေ တခြားသော စွမ်းဆောင်ရည်အချက်အလက်တွေ စုစည်းဖော်ပြနေကြဖြစ်တဲ့ နာမည်ကျော်ဘောလုံးဝက်ဆိုဒ်ကြီးတစ်ခုဖြစ်သော Trasnfermarket ဆီမှာတောင် ခရစ္စတီယာနိုရော်နယ်ဒိုထက် ရှာဖွေမှုအများဆုံး ကစားသမားအဖြစ် ရွေးချယ်ခံထားရပါတယ်။

Transfermarket ဝက်ဆိုဒ်ရဲ့အပတ်စဉ်တိုင်း ထုတ်ပြန်နေကြဖြစ်တဲ့ သူတို့ဝက်ဆိုဒ်ထဲမှာ တစ်ပတ်တာအတွင်း သုံးစွဲသူတွေရဲ့ ရှာဖွေအများဆုံး ကစားသမားစာရင်းကို အခုတစ်ပတ်အတွက် ထုတ်ပြန်လာခဲ့ရာမှာတော့ ဝုလ်ဗ်အသင်းရဲ့ မက္ကဆီကိုတိုက်စစ်မှူး ရာအူးဂျီမီနက်ဇ်က ထိပ်ဆုံးနေရာမှာ အံ့အားသင့်စဖွယ် ရပ်တည်လာခဲ့ပါတယ်။ ဂျီမီနက်ဇ်ဟာ စပါးနဲ့ ဝုလ်ဗ်အသင်းတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဝုလ်ဗ်အတွက် အနိုင်ဂိုးကို သွင်းယူပေးထားခဲ့သူဖြစ်ပြီး ဒီရာသီအတွင်း သူပြသထားတဲ့ ခြေစွမ်းတွေကြောင့် ရော်နယ်ဒို မက်ဆီတို့ကို ကျော်လွန်ပြီး အခုလို ရှာဖွေအများဆုံးသူအဖြစ် သတ်မှတ်ခံလာခဲ့ရတာဖြစ်ပါတယ်။

အသက်၂၈နှစ်အရွှယ်ရှိ မက္ကဆီကိုလက်ရွေးစင် တိုက်စစ်ကစားသမား ဂျီမီနက်ဇ်ဟာ မနှစ်က ဘောလုံးရာသီကမှ ဘင်ဖီကာအသင်းကနေ ဝုလ်ဗ်ဆီကို တစ်ရာသီအငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို စရောက်ချင်းနှစ်မှာပဲ သွင်းဂိုးတွေ သွင်းယူပေးရင်း ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့လို့ ဝုလ်ဗ်အသင်းက သူ့ကို အပြီးသတ်ခေါ်ယူစာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာလည်း တိုက်စစ်ကစားသမား ဂျီမီနက်ဇ်ဟာ ဝုလ်ဗ်အတွက် ပရီးမီးယားလိဂ် ယူရိုပါလိဂ်အပါအဝင် ပြိုင်ပွဲစုံ ၄၂ပွဲအထိကို ပါဝင်ကစားပေးထားခဲဲ့ပြီး ၂၂ဂိုးသွင်းယူထားခဲ့သလို ပရီးမီးယားလိဂ်မှာ ၁၃ဂိုး သွင်းယူပေးထားခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားခဲ့တဲ့ ဂျီမီနက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေကနေ ဝိုင်းစိတ်ဝင်စားလျက်ရှိနေကာ လာမယ့်ဘောလုံးရာသီမှာတော့ သူ့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဝုလ်ဗ်တို့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိနေပါတယ်။