စပိန်လာလီဂါကလပ် အက်စပန်ညိုအသင်းရဲ့ စပိန်တိုက်စစ်ကစားသမား ရာအူးဒီသောမတ်စ်ကို ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကလပ်အသင်းများစွာက အလိုရှိနေကြပြီး ခေါ်ယူသွားဖို့လည်း အပြိုင် စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဒီဈေးကွက်ထဲမှာ သူရဲ့အသင်းဟောင်း ရီးယဲလ်မက်ဒရစ်ဆီကိုသာ ပြန်လည် ပြောင်းရွှေ့ချင်နေတယ်လို့ စပိန်သတင်းစာ AS ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Football Espana

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ ကာရန်ဘန်ဇီမာ တစ်ဦးတည်းသာ အသင်းအတွက် လောက်လောက်ငှာငှာ အားထားရသူအဖြစ် ရှိနေရပြီး မာရီယာနိုဒီယက်ဇ်က ဘန်ဇီမာလောက် မစွမ်းဆောင်နိုင်သလို အီဒင်ဟာဇက်ကလည်း false 9 အဖြစ် ဝင်ရောက်ကစားရမှာ သိပ်ခြေမပေါ်တာကြောင့် ဘန်ဇီမာ ဒဏ်ရာရသွားတာမျိုး ပွဲပန်းနေတာမျိုး ကြုံတွေ့ရချိန်မှာ သူ့နေရာကို အစားထိုးနိုင်မယ့် number 9 role တိုက်စစ်ကစားသမားတစ်ဦး မဖြစ်မနေ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Marca

ရီးယဲလ်အသင်းဟာ နွေဈေးကွက်အတွင်းမှာ နောက်ခံလူ ရူဒီဂါနဲ့ ကွင်းလယ်လူ ချူအာမန်နီတို့ကို ခေါ်ယူထားခဲ့ပြီးနောက်ပိုင်းကတည်းက ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူခြင်းမရှိပဲ ဈေးကွက်ထဲ ငြိမ်သက်နေခဲ့ရာ လက်ရှိမှာတော့ ဘန်ဇီမာရဲ့ back up striker တစ်ဦးကိုု ခေါ်ယူဖို့အတွက် ဈေးကွက်အတွင်း ပြန်လည် ဝင်ရောက်လာဖို့ ရှိနေရပါတယ်။ ဒီလို အခြေအနေမှာ ရီးယဲလ်ကစားသမားဟောင်း ရာအူးဒီသောမတ်စ်က ရီးယဲလ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ဦးစားပေး စဉ်းစားလာခဲ့တယ်လို့ AS သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ ၂၀၀၄ခုနှစ်ကနေ ရီးယဲလ်အသင်းရဲ့ လူငယ် အကယ်ဒမီမှာ ဘောလုံးပညာတွေ သင်ကြားခဲ့ရင်း ရီးယဲလ် လူငယ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဒီသောမတ်စ်ဟာ ရီးယဲလ်စီနီယာအသင်းအတွက် တစ်ပွဲလေးသာ ပါဝင်ကစားခဲ့ရပြီး စပိန်အသင်းတွေမှာ အငှားနဲ့ ကျင်လည်ခဲ့ရသလို အဲ့ဒီနောက်မှာတော့ ဘင်ဖီကာ အက်စပန်ညိုအသင်းဆီ ဆက်တိုက် ပြောင်းရွှေ့ခဲ့ရပါတယ်။ လက်ရှိမှာ အက်စပန်ညိုအသင်းအတွက် နှစ်ရာသီခွဲအထိ ကစားထားနိုင်ပြီး စုစုပေါင်း (၄၅)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ဒီသောမတ်စ်ဟာ သူ့အသင်းဟောင်း ရီးယဲလ်ကသာ တိုက်စစ်ကစားသမားတစ်ဦး အမှန်တကယ် အလိုရှိမယ်ဆိုရင် အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ ဆန္ဒရှိနေကြောင်း အခြားသော အသင်းတွေထက် ရီးယဲလ်ကိုသာ ဦးစားပေး ပြောင်းရွှေ့မှာသာဖြစ်ကြောင်း သိရပါတယ်။