MySport Myanmar

ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားမယ့် ဆာဂျင်ရက်ကလစ်ဖ်

ဗြိတိန်ရဲ့ နာမည်ကျော် ဘီလီယံနာ သူဌေးကြီး ဆာဂျင်ရက်ကလစ်ဖ်ဟာ အခုဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တရားဝင် ပူးတွဲပိုင်ရှင် ဖြစ်လာခဲ့ပြီးနောက် အသင်းက ကစားသမားတစ်ဦးဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်ရဲ့ အနာဂတ်အကြောင်းတွေကို ဖော်ထုတ် ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူအပေါ် ကိုယ်ထိလက်ရောက် ပြုမှုခဲ့မှုတွေကြောင့် တရားရင်ဆိုင်ရင်း အမှုကနေ လွတ်မြောက်လာချိန် သူရဲ့ ယူနိုက်တက် ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ မလွယ်ကူတော့ပဲ ဂီတာဖေးအသင်းဆီသာ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Football365

လက်ရှိမှာတော့ ဂရင်းဝုဒ်က ဂီတာဖေးမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူ့ကိုလည်း ဘာစီလိုနာ နဲ့ အသက်လက်တီကိုတို့လိုု လာလီဂါ ထ်ိပ်သီး ကလပ်အသင်းတွေပါ အပြိုင် စိတ်ဝင်စားလာကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဂရင်းဝုဒ်ရဲ့ အနာဂတ်ဟာလည်း မရေမရာတွေ ဖြစ်လာခဲ့ရပါတယ်။

ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်က “သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ကစားသမားတစ်ယောက် ဖြစ်နေပြီးတော့ ကျွန်တော်ကလည်း ဒီအသင်းမှာ ဘောလုံးနဲ့ ပတ်သက်တဲ့ အပိုင်းတွေ တာဝန်ယူနေရတာမို့ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက် ချမှတ်သွားရမယ်ဆိုတာ သေချာပါတယ်။ လောလောဆယ်မှာတော့ ဘာမှ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။”

Photo Credit : The Sun

“ဆုံးဖြတ်ချက် ချမှတ်ရမှာလည်း အချက်အလက်တွေကို သေချာ လေ့လာသွားဖို့ ၊ မျှတစွာ စီရန် ဆုံးဖြတ်တက်ဖို့နဲ့ ကလပ်အသင်းရဲ့ တန်ဖိုးတွေကို ထည့်သွင်း စဉ်းစားသွားဖို့ လိုအပ်ပါတယ်။ အဲ့ဒါတွေနဲ့အတူ မေဆန် ဂရင်းဝုဒ်အတွက် ဆုံးဖြတ်ချက် ချမှတ်သွားမှာပဲ ဖြစ်ပါတယ်။”

“သူက လူကောင်းလား လူဆိုးလား။ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် စိတ်ရင်းမှန်နဲ့ ကစားပေးနိုင်သူလား။ ပရိသတ်တွေကရော သူ့နဲ့ အဆင်ပြေနိုင်ပါ့မလား။ သူကရော ကျွန်တော်တို့ လိုချင်နေတဲ့ အခြေအနေတွေနဲ့ အဆင်ပြေနိုင်ပါ့မလား ဆိုတာတွေကလည်း အဆုံးအဖြတ် ဖြစ်သွားပါမယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version