ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်ရှိနည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့ရင် ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်ချင်နေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

တန်ဟက်ဂ်က ယူနိုက်တက်နည်းပြဘဝ ၂ရာသီ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ကာရာဘောင်းဖလား ၁လုံး ရယူပေးထားသလို အက်ဖ်အေဖလား ဖိုင်နယ်ကိုလည်း ၂ကြိမ် အထိ ပို့ဆောင်ပေးထားပြီး မကြာခင်မှာ ယူနိုက်တက်က အက်ဖ်အေဖလား ဖိုင်နယ်အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

တန်ဟက်ဂ်က ယူနိုက်တက်ကို ၂နှစ် အတွင်းမှာ ဗိုလ်လုပွဲ ၃ကြိမ် အထိ ရောက်ရှိအောင် ပို့ဆောင်ပေးထားနိုင်ပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်က ယခုနှစ် ဘောလုံးရာသီကုန်ချိန်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က အသင်းနဲ့ ကိုက်ညီမယ့် နည်းပြတွေကို လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Team Talk

တဖက်မှာတော့ အသက် ၅၀အရွယ် ဂျာမဏီ ထိပ်သီးနည်းပြ သောမတ်စ် တူဟယ်လ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး သူက ဘိုင်ယန်မြူးနစ်ကို ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးထားနိုင်ပါတယ်။

နာမည်ကြီး ဂျာမန်သတင်းဌာန Kickerရဲ့ ပင်တိုင်သတင်းထောက် ဟို့ဇ်နာရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်က တူဟယ်လ်ရဲ့ အမာခံပရိသတ် တဦး ဖြစ်တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ရင် တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားထားပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တူဟယ်လ်ထံ ပထမဦးဆုံး ဆက်သွယ်မှုကိုပါ လုပ်ထားကြောင်း သိရှိရပါတယ်။