ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်က သူ့ရဲ့အသင်း မန်ချက်စတာ ယူနိုက်တက်ဟာ လန်ဒန်ကလပ်တွေထက် (အာဆင်နယ် ၊ ချယ်လ်ဆီး ၊ စပါး) ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ အသင်းပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၇၁နှစ် အရွယ် အင်္ဂလိပ်လူမျိုး ဘီလီယံနာ ဆာ ဂျင် ရက်ကလစ်ဖ်က ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အချမ်းသာဆုံး သူဌေး ဖြစ်ပြီး သူက မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ယူနိုက်တက်ရဲ့ပိုင်ရှင် ဂလေဇာမိသားစုဆီကနေ ပေါင် ၁.၂၅ ဘီလီယံနဲ့ ပြန်လည် ဝယ်ယူထားပါတယ်။

Photo Credit: The Athletic

ဆာ ဂျင် ရက်ကလစ်ဖ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သလို အသင်းရဲ့ အားကစားရေးရာ စီမံပိုင်ခွင့်ကိုပါ ဂလေဇာမိသားစုဆီကနေ လွှဲပြောင်း ရယူခဲ့ပြီး သူ့ရဲ့ ကုမ္ပဏီဖြစ်တဲ့ INEOSက မန်ချက်စတာ ယူနိုက်တက်ကို စတင် စီမံနေပြီ ဖြစ်ပါတယ်။

ဆာ ဂျင် ရက်ကလစ်ဖ်က မန်ချက်စတာ ယူနိုက်တက်ကို မဝယ်ခင်မှာ လန်ဒန်အင်အားကြီးကလပ် ချယ်လ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလေက ရက်ကလစ်ဖ်ကို ကျော်ဖြတ်ကာ ချယ်လ်ဆီးကို ရအောင် ဝယ်ယူသွားခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့် နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက်က ဘာကြောင့် ချယ်လ်ဆီးကို ဝယ်ဖို့ စိတ်ဝင်စားခဲ့ပြီးမှ ယူနိုက်တက်ကို ပြောင်းလဲ ဝယ်ယူခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို ဆာ ဂျင် ရက်ကလစ်ဖ်အား မေးခဲ့ပြီး ရက်ကလစ်ဖ်ကတော့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးကို နှိုင်းယှဉ်လို့ မရပဲ ယူနိုက်တက်ဟာ လန်ဒန်ကလပ်တွေ အားလုံးထက် ပိုပြီး ကြီးကျယ်တဲ့ ကလပ်ပါလို့ ပြန်ဖြေသွားခဲ့ပါတယ်။

ဆာဂျင် ရက်ကလစ်ဖ်က – “ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်ကို နှိုင်းယှဉ်လို့ မရပါဘူး။ အရိုးသားဆုံး ဖြေရမယ် ဆိုရင် ဘယ်လန်ဒန်ကလပ်ကမှ မန်ချက်စတာ ယူနိုက်တက်ကို လာယှဉ်လို့ မရပါဘူး။ ယူနိုက်တက်ရဲ့ ပုံရိပ်နဲ့ ခမ်းနားမှုက အားလုံးထက် သာပါတယ်” လို့ ရှင်းရှင်းလင်းလင်း ဖြေကြားသွားခဲ့တာပါ။