ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ရှ်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ယနေ့ညမှာ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက် မန်ချက်စတာ စီးတီးဘက်ကို ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ ထင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အိုနာနာရဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရပေမယ့် အက်ဖ်အေဖလားပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲ အထိ တက်ရောက်ထားနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဗိုလ်လုပွဲမှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်လည်းဖြစ် ၊ ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ သူတို့ကို အနိုင်ယူထားတဲ့ အသင်းလည်းဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Mirror

အက်ဖ်အေဖလားက မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီမှာ တခုတည်းသော လက်ကျန် ဆုဖလား မျှော်လင့်ချက် ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ကို ရချင်ရင် အက်ဖ်အေဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေက အက်ဖ်အေချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစား ပြင်ဆင်နေကြပေမယ့် တဖက်မှာ သူတို့ရင်ဆိုင်ရမယ့် အသင်းက ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ဖြစ်နေတာကြောင့် ယူနိုက်တက်ဟာ အက်ဖ်အေချန်ပီယံ ဖြစ်ဖို့ အသည်းအသန် ရုန်းကန်ရဖို့ ရှိနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာက သူဟာ ဒီရာသီမှာ ခြေစွမ်းကျနေတဲ့ အသင်းဖော် မားကပ် ရက်ရှ်ဖို့ဒ်အပေါ် ယုံကြည်မှုအပြည့် ရှိနေဆဲ ဖြစ်သလို ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေနဲ့ မန်ချက်စတာ စီးတီးကို အနိုင်ရကာ အက်ဖ်အေချန်ပီယံ ဖြစ်ခွင့် ရဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

အိုနာနာက – “ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းခဲ့ပေမယ့် ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အဲ့ဒီအချက်ကြောင့် သူက ကစားသမားကောင်း မဟုတ်ဘူးလို့ ပြောလို့ မရပါဘူး။ ကစားသမားတိုင်းမှာ ဒီလိုအခိုက်အတန့်တွေ အမြဲတမ်း ရှိပါတယ်။ ကစားသမား တယောက်က ဆိုးရွားတဲ့ ဘောလုံးရာသီ တခုကို ကြုံတွေ့ရနိုင်သလို ဆိုးရွားတဲ့ ရာသီအစတွေကို ကြုံတွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက အဲ့ဒီအရာတွေကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတာပါပဲ။ ကျွန်တော့်အတွက် ရက်ရှ်ဖို့ဒ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေထဲက တယောက်ပါ။ အခုချိန်မှာ သူက ကျွန်တော်တို့လိုပဲ အခက်အခဲတွေနဲ့ ကြုံနေရတာပါ။ သူရယ် ၊ ကျွန်တော်ရယ် နှစ်ယောက်ထဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ တသင်းလုံးက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ရက်ရှ်ဖို့ဒ်က အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်လာပါလိမ့်မယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း သွင်းပေးပါလိမ့်မယ်။ မျှော်လင့်မိတာကတော့ သူက စနေနေ့မှာ ၂ဂိုး သွင်းမယ်။ ပြီးရင် ကျွန်တော်တို့က အက်ဖ်အေဖလားကို သိမ်းပိုက်မယ်။ ဒါပါပဲ” လို့ ပြောကြားရင်း ရက်ရှ်ဖို့ဒ်ကို အားပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။