မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမားတစ်ဦး ဖြစ်တဲ့ မားကပ်ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပြဿနာ ရှိနေခဲ့တာကြောင့် အင်္ဂလန် လူစာရင်းကနေ နုတ်ထွက်သွားကြောင်း အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ကနေ အတည်ပြု ပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ရက်ရှ်ဖို့ဒ် မပါဝင်ပဲ နိုင်ငံတကာ ပွဲစဉ်တွေ အဖြစ် ဘယ်လ်ဂျီယံ နဲ့ အိုက်စ်လန်း ကို ရင်ဆိုင် ကစားသွားရတော့မှာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ် ရဲ့ နောက်ဆုံး ကစားသမား ၂၉ ယောက်စာရင်းမှာ ပါဝင်ခဲ့ပေမယ့် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ယူနဲ့ အဲဗာတန် ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ အဲဗာတန်နဲ့ ပွဲစဉ်ကို အပြီးထိ ကစားခဲ့ပေမယ့်လည်း ထိခိုက်မိခဲ့ပြီး လဲကျသွားစဉ် သူ့ရဲ့ ပခုံး ကို လက်နဲ့ ကိုင်ထားတာကို မြင်တွေ့ခဲ့ရပြီးတော့ ဆေးအဖွဲ့ရဲ့ ဆေးကုသမှုတွေလည်း ခံယူခဲ့ရပါသေးတယ်။

Photo Credit: Metro

ရက်ရှ်ဖို့ဒ်ဟာ ကြာသပတေးနေ့က ချစ်ကြည်ရေးကစားခဲ့တဲ့ အင်္ဂလန်နဲ့ အိုင်ယာလန် ပွဲစဉ်မှာလည်း ပါဝင် ကစားခွင့်မရရှိခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ်မပါဝင်နိုင်တဲ့ တိုက်စစ်မှာတော့ ဂျက်ဂရင်းလစ်ရှ်၊ ကာဗက်လ်လူဝင် နဲ့ ဂျေဒန်ဆန်ချို တို့က ကစားခဲ့ပါတယ်။ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘယ်လ်ဂျီယံနဲ့ အိုက်စ်လန် ပွဲစဉ်တွေမှာ ပါဝင် ကစားနိုင်မာ မဟုတ်ဘူးလို့ပဲ ထုတ်ပြန်ထားပြီးတော့ ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ထပ်မံထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဝုဗ်စ် အသင်းရဲ့ ခံစစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ကော်နာကိုဒီ ကလည်း ကိုဗစ် ၁၉ ‌သံသယ ရှိတာကြောင့် အသင်းလူစာရင်းက နုတ်ထွက်ခဲ့သလို အခုချိန်မှာတော့ ကွာရမ်တင်း ဝင်နေရပြီ ဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ အဆိုပါ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ထုတ်ပြန်ကြေညာထားပါတယ်။

Photo Credit: Metro

“ ကော်နာကိုဒီ နဲ့ ရက်ရှ်ဖို့ဒ် တို့ နှစ်ယောက်လုံးက အင်္ဂလန်အသင်းရဲ့ နိုဝင်ဘာလ မှာ ကစားဖို့ ကျန်နေတဲ့ ပွဲစဉ်တွေကို လွဲချော်သွားရတော့မှာပါ။ ကော်နာက ကိုဗစ်ပိုးရှိတဲ့ လူတစ်ဦးနဲ့ ထိ‌တွေ့ မိခဲ့တယ်လို့ စစ်ဆေး‌တွေ့ရှိခဲ့တာကြောင့် သူ့ကို သီးသန့် ထားဖို့ လုပ်ဆောင်နေပါပြီ။ ကော်နာ အနေနဲ့ နက်ဂတစ် နှစ်ကြိမ် ထွက်ခဲ့ပေမယ့်လည်း အစိုးရက ချမှတ်ထားတဲ့ စည်းမျည်းတွေအရ သူ့ကို တစ်ပတ် သီးသန့် ခွဲခြားထားရမှာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ လေ့ကျင့်ရေးစခန်းကို ရောက်ရှိလာတာ နောက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ ပါဝင်ကစားခွင့်ရရှိတော့မာ မဟုတ်ပါဘူး ” လို့ ထုတ်ပြန်ထားပါတယ်။ ယူနိုက်တက် ကို အားပေးကြတဲ့ ပရိသတ်တွေကတော့ ရက်ရှ်ဖို့ဒ်ကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကစားမယ့် ဝက်စ်ဘရွန်း နဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။