ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ ယခုလအကုန်မှာ သူ့ရဲ့ ဘယ်ဘက်ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူတော့မယ်လို့ သိရပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဘယ်ဘက် ပခုံးဒဏ်ရာကို လွန်ခဲ့တဲ့ ၁နှစ်ကျော်ထဲက ရရှိခဲ့သူ ဖြစ်ပြီး ကလပ်အသင်း အတွက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ တခုလုံးကို ဝင်ရောက် ကစားပေးလိုတာကြောင့် ခွဲစိတ်ကုသမှုကို မပြုလုပ်ခဲ့ပဲ ရာသီကုန်ချိန်မှာလည်း ယူရို၂၀၂၀ပြိုင်ပွဲဝင် အင်္ဂလန်အသင်း အတွက် ရွေးချယ်ခံခဲ့ရတာကြောင့် သူ့ရဲ့ ဒဏ်ရာကို ဆေးကုသမှု မခံယူခဲ့ရပါဘူး။

Photo Credit: Daily Mail

လက်ရှိမှာတော့ မားကပ် ရက်ဖို့ဒ်ဟာ သူ့ရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ပခုံးဒဏ်ရာဟာ အနည်းငယ် ပြင်းထန်နေတာကြောင့် ခွဲစိတ်ကုသမှုကို မဖြစ်မနေ လုပ်ဆောင်ရတော့မှာ ဖြစ်ကာ ယခုလ အကုန်မှာပဲ ခွဲစိတ်မှု ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ရက်ဖို့ဒ်ဟာ ပခုံးဒဏ်ရာ ရရှိပြီးနောက်ပိုင်း မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၇ပွဲ အထိ ပါဝင် ကစားပေးခဲ့ရပြီး သွင်းဂိုး ၂၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုလုံးနီးပါးကို အကိုက်အခဲပျောက်ဆေးတွေ ထိုးကာ ဖြတ်သန်းခဲ့ရပြီး ယခုအချိန်မှာတော့ ပခုံးဒဏ်ရာဟာ ပိုမို ဆိုးရွားလာတာကြောင့် ခွဲစိတ်ကုသမှုကို မဖြစ်မနေ ခံယူရတာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ရက်ဖို့ဒ်ဟာ နွေရာသီ အားလပ်ရက်က ပြန်လာပြီးနောက် သူ့ရဲ့ ခွဲစိတ်ကုသမှုကို ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီး ခွဲစိတ်ကုသမှု ပြီးပါက အနည်းဆုံး ၁၂ပတ် ကြာအောင် အနားယူရဖွယ် ရှိကြောင်း သိရပါတယ်။