ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်က သူနဲ့ အတူတကွ မကစားဖူးသေးပေမယ့် အချစ်ဆုံး သူငယ်ချင်း တဦး ဖြစ်နေတဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေကို သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ကမ္ဘာ့ဖလား ရပါစေလို့ ဆုတောင်းပေးသွားခဲ့ပါတယ်။

မားကပ် ရက်ဖို့ဒ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့် ရခဲ့သလို အင်္ဂလန်အတွက် သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ အင်္ဂလန်က ကွာတားဖိုင်နယ်မှာ အမ်ဘာပေရဲ့ ပြင်သစ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Mirror

ပြင်သစ် ၂-၁ အင်္ဂလန် ပွဲစဉ်မှာ အမ်ဘာပေက ပြင်သစ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပေမယ့် ရက်ဖို့ဒ်ကတော့ လူစားဝင် တိုက်စစ်မှူး အဖြစ်သာ ကစားခွင့် ရခဲ့ပြီး သူ့ရဲ့ နောက်ဆုံး ပြစ်ဒဏ်ဘော ကန်သွင်းမှုကလည်း ဂိုးဘားတန်းပေါ် ကနေ အနည်းငယ် ကျော်သွားခဲ့တာကြောင့် ကွာတားဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ရက်ဖို့ဒ်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ “သူတို့ကို အားပေးခဲ့တဲ့ အင်္ဂလန် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ လာမယ့်ပွဲတွေမှာ အကောင်းဆုံး ပုံစံတွေနဲ့ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်” လို့ တင်ခဲ့ပြီး အမ်ဘာပေက အဆိုပါပို့စ်အောက်မှာ အသည်းပုံ စတေကာလေး မန့်ကာ ရက်ဖို့ဒ်ကို နှစ်သိမ့်ပေးခဲ့ပါတယ်။

Photo Credit: Mirror

ရက်ဖို့ဒ်က အမ်ဘာပေရဲ့ ကွန်းမန့်ကို သဘောကျခဲ့သလို “ပြိုင်ပွဲမှာ ဆက်ပြီး ကံကောင်းပါစေ ညီကိုရေ။ ဘုရင်တပါးလိုမျိုး ကမ္ဘာ့ဖလားပြိုင်ပွဲကို အနိုင်ယူလိုက်ပါ” လို့ ပြန်မန့်ခဲ့ပြီး အမ်ဘာပေ အတွက် ဆုတောင်းပေးသွားခဲ့ပါတယ်။

အမ်ဘာပေရဲ့ ပြင်သစ်က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာတော့ ပေါ်တူဂီကို အနိုင်ရလာတဲ့ မော်ရိုကိုနဲ့ တွေ့ဆုံနေခဲ့ပြီး အကယ်၍ မော်ရိုကိုကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ခရိုအေးရှားနဲ့ အာဂျင်တီးနားတို့ နှစ်သင်းထဲက တသင်းနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။