မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်က လာမယ့် နှစ်တွေမှာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ် ဖလားကို ရရှိချင်ပြီး အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားကို ရရှိချင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ရောက်ကစားခွင့် (၂) နှစ်ကြာ ပိတ်ပင်ခံရမယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ချေ အလွန် များနေပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ရမှတ် (၄၂) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေတာကြောင့် မန်စီးတီးအသင်း ချန်ပီယံလိဂ် ဝင်ခွင့် ပိတ်ပင်ခံရရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ မနေ့ည ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန် အသင်းကို အဝေးကွင်းမှာ (၁-၁) သရေကျခဲ့ပြီး ပြိုင်ပွဲက အငြင်းပွားစရာတွေနဲ့ ပြီးသွားခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဖြစ်ပြီး လာမယ့် (၂၀၂၂) ကွာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလား ရရှိဖို့ မျှော်လင့်လျက်ရှိပါတယ်။ ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၄) ဂိုး သွင်းယူခဲ့ပြီး မန်ယူအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ရရှိချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ရက်ချ်ဖို့ဒ်က “မန်ယူအသင်းအတွက် ကစားတဲ့ အချိန်မှာ ပွဲဦးထွက် ပွဲစဉ် ကစားဖို့အတွက်သာ အိပ်မက် မက်ကြမှာ မဟုတ်ဘဲ ဒေးဗစ် ဘက်ခမ်း၊ ပေါလ် စခိုးလ် နဲ့ ရှိုင်ယန် ဂစ်လို ဖြစ်လာဖို့ အိပ်မက် မက်ကြမှာပါ။ ဒါတွေဟာ အကယ်ဒမီထွက် ကစားသမား တစ်ဦးအနေနဲ့ အိမ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ”လို့ ပြောခဲ့ပါတယ်။ လက်ရှိရာသီမှာ သူ့ရဲ့ ပစ်မှတ်နဲ့ ပက်သက်ပြီးတော့ သူက “ကမ္ဘာ့ဖလား ရဖို့ နဲ့ မန်ယူအသင်းအတွက် ချန်ပီယံလိဂ် ဖလား ရဖို့ပါ။ အရင် မန်ယူလို ပြန်ဖြစ်နိုင်တယ် ဆိုတာကို စတင် ပြသဖို့ လိုအပ်နေပါပြီ။ ဘောလုံးက အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ ဒါကြောင့် အရင်ကနဲ့ တစ်ပုံစံတည်း မတူနိုင်ပါဘူး။ ဒါပေမဲ့ အသင်းက ဒါတွေကို လုပ်နိုင်တယ် ဆိုတာ သိပါတယ်။ အပြောင်းအလဲ ကာလပါပဲ”လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။