ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်ကတော့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ယခင်ကလို ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ဖို့ အတွက် အခြားကစားသမားတွေလို နွေရာသီ အားလပ်ရက်မှာ အပန်းမဖြေပဲ လေ့ကျင့်ခန်းဆင်းကာ ကြံ့ခိုင်မှု ပြန်လည် ကောင်းမွန်အောင် အာရုံစိုက် လေ့ကျင့်နေကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ဒဏ်ရာပြဿနာတွေ ၊ ပုံမှန် ပွဲထွက်ခွင့် မရခဲ့တာတွေကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အင်္ဂလန် လက်ရွေးစင်အသင်း ကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit: Mirror

မားကပ် ရက်ဖို့ဒ်က ယခင်နှစ်တွေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့ရသလို အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၂ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစုက မားကပ် ရက်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်းကို အားမလို အားမရ ဖြစ်နေကြပြီး ရက်ဖို့ဒ်ကလည်း သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကြောင့် ခြေစွမ်းကောင်းတွေ မပြသနိုင်တာကို သိရှိသလို သူ့ရဲ့ ကြံ့ခိုင်မှု ပြန်လည် ကောင်းမွန်အောင် အမေရိကန်နိုင်ငံဆီ သွားရောက်ကာ နာမည်ကြီး ကြံ့ခိုင်မှု တည်ဆောက်ရေး ဆရာဝန်တွေနဲ့ ပြသပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းတွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

Photo Credit: Mirror

ယနေ့မနက် အစောပိုင်းမှာတော့ မားကပ် ရက်ဖို့ဒ်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်တွေ ကနေ တဆင့် လေ့ကျင့်ခန်း လုပ်နေတဲ့ ပုံရိပ်တချို့ကို ပရိသတ်တွေဆီ ချပြသွားခဲ့ပြီး အဆိုပါ ဗွီဒီယိုဖိုင်ထဲမှာ ရက်ဖို့ဒ်ရဲ့ ကြွက်သားထုထည် တိုးတက်လာတာကို မြင်တွေ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ရက်ဖို့ဒ်ဟာ နည်းပြသစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်လာအောင် ကြိုးစားနေပြီလို့ မှတ်ချက်ပြုထားကြပါတယ်။