ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝီလီယံ ဂါးလက်စ်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်အနေနဲ့ သူရဲ့ ကစားသမားဘဝကို ပြန်လည် မြှင့်တင်နိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့သင့်တယ်လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ၂၀၁၅ခုနှစ်ကတည်းက ယူနိုက်တက် စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်း ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ စတင် လက်တွဲခဲ့ချိန်မှာလည်း ရပ်ရှ်ဖို့ဒ်က အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၃၀)အထိပါ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

Photo Credit : Inkl

ဒါပေမယ့် ရပ်ရှ်ဖို့ဒ်က ဒီရာသီထဲမှာတော့ သူရဲ့ စွမ်းဆောင်ရည်တွေက သိသိသာသာ ကျဆင်းလာခဲ့ရတဲ့အပြင် ကွင်းအတွင်း အားထုတ်မှုတွေ လျော့နည်းလာသလို သူ့ကစားပုံက ပျင်းရိပျင်းတွဲ ဖြစ်နေလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ အလူးအလဲ ရင်ဆိုင်ခဲ့ရပြီး အခုဆိုရင် ယူရို-၂၀၂၄ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။

ဒီလို အခြေအနေဆိုးမျိုးနဲ့ ရင်ဆိုင်နေရနဲ့ ရပ်ရှ်ဖို့ဒ်ကို ကစားသမားဟောင်းတွေက ယူနိုက်တက်ကနေ ထွက်ခွာပြီး အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ အကြံပြုမှုတွေ ရှိနေသလို ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဂါးလက်စ်ကလည်း ရပ်ရှ်ဖို့ဒ်အနေနဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

Photo Credit : Football365

“ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားတဲ့ အရည်အသွေးမြင့် ကစားသမားတွေက အမြဲတမ်းလိုလို ရှိနေတက်ပေမယ့် တကယ်လို့ ရပ်ရှ်ဖို့ဒ်သာ ယူနိုက်တက်ကနေ ထွက်ခွာချင်မယ်ဆိုရင်တော့ သူ့ကိုလည်း ကျွန်တော်တို့ ချိတ်ဆက်သွားဖို့ လိုပါတယ်။ အကြောင်းပြချက်ကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူက အဲရစ် တန်ဟက်ဂ်နဲ့ ပြသာနာ ရှိနိုင်သလို တန်ဟက်ဂ်သာ ထွက်သွားရင် ရပ်ရှ်ဖို့ဒ်လည်း အသင်းမှာ ဆက်ရှိနိုင်ပါတယ်။”

“သူက ငယ်ရွယ်စဉ်တုန်းကတော့ နေရာတိုင်းကို ပြေးလွှားပြီး လှပတဲ့ ဂိုးတွေ သွင်းယူနိုင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် အခုက အဲ့ဒီလို မဟုတ်တော့ပါဘူး။ ဒါက ဒဏ်ရာ ပြသာနာတွေကြောင့် ဆိုနိုင်သလို နောက်အသင်းတစ်သင်းမှာ ကစားသမားဘဝကို ပြန်လည် စတင်လိုက်တာကလည်း သူ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ချယ်လ်ဆီးက ဖြည့်ဆည်းပေးသွားနိုင်ပါတယ်။” လို့ ဂါးလက်စ်က ပြောဆိုသွားခဲ့ပါတယ်။