MySport Myanmar

မာယော့ကာနဲ့ လာလီဂါ အဖွင့်ပွဲစဉ်ကို လွဲချော်သွားရနိုင်တဲ့ ရပ်ရှ်ဖို့ဒ်

ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ် မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ အသင်းရဲ့ လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။ အသင်းဥက္ကဋ္ဌ ဟိုအန် လာပေါ်တာက နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တချို့ကို ရာသီမစတင်မီ အချိန်မီ မှတ်ပုံတင်နိုင်မှာ မဟုတ်ကြောင်း ဝန်ခံပြောကြားခဲ့တာကြောင့် ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းထံ ပြီးခဲ့တဲ့လက အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပေါင်သန်း(၃၀)ခန့်နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်လည်း ပါဝင်ပါတယ်။ သူဟာ တနင်္ဂနွေနေ့ညက ကိုမိုအသင်းကို ၅-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ရာသီကြိုနောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာအတွက် စတုတ္ထမြောက်ပွဲအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

Photo Credit : SPORTbible

လာပေါ်တာက အသင်းခေါင်းဆောင် ဂိုးသမား တာ စတီဂျန်နဲ့ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုကို ဖြေရှင်းနိုင်ခဲ့ပြီးနောက် ဂိုးသမားသစ် ဟိုအန် ဂါစီယာကို မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် ကစားသမားသစ်တွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ရွန်နီ ဘတ်ဂျီတို့နဲ့ ဂိုးသမားကြီး ရှက်ဇနီတို့လို တခြားကစားသမားသစ်တွေကတော့ လာမယ့်စနေနေ့မှာ မာယော့ကာအသင်းနဲ့ ကစားမယ့်ပွဲအတွက် လူစာရင်းမှာ ပါဝင်နိုင်ဖို့ စိုးရိမ်တကြီး စောင့်ဆိုင်းနေရပါတယ်။

“ဒါကိုဖြစ်မြောက်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ တာ စတီဂျန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့မှာ ဟိုအန် ဂါစီယာကို မှတ်ပုံတင်ဖို့ အခွင့်အရေးရခဲ့ပါပြီ။ ကျန်တဲ့ကစားသမားတွေအတွက်လည်း ဆက်လုပ်နေပါတယ်။ ဒီတစ်ပတ်ထဲမှာ သတင်းကောင်းကြားရဖို့ မျှော်လင့်ပါတယ်။ လာလီဂါမစခင် သူတို့ကို မှတ်ပုံတင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ တကယ်လို့ မလုပ်နိုင်ခဲ့ရင်တောင် ကျွန်တော်တို့မှာ အချိန်တော့ ရှိပါသေးတယ်” လို့ လာပေါ်တာက ပြောပါတယ်။

Photo Credit : Football Espana

ဂိုးသမား တာ စတီဂျန်ဟာ ဇူလိုင်လက ခံယူခဲ့တဲ့ ခါးခွဲစိတ်မှုနဲ့ ပတ်သက်ပြီး အသင်းနဲ့ သဘောထားမတိုက်ဆိုင်မှု ဖြစ်ပွားခဲ့တာကြောင့် ကြာသပတေးနေ့က အသင်းခေါင်းဆောင်ရာထူးမှ ယာယီဖြုတ်ချခံခဲ့ရပါတယ်။ စပိန်သတင်းတွေရဲ့အဆိုအရ အသက်(၃၃)နှစ်အရွယ် ဂိုးသမားကို ရေရှည်ဒဏ်ရာရ ကစားသမားအဖြစ် သတ်မှတ်နိုင်ခဲ့ပါက ဘာစီလိုနာဟာ ရာသီလယ်အထိ သူ့ရဲ့လစာ (၈၀)ရာခိုင်နှုန်းကို ချွေတာနိုင်မှာဖြစ်ပြီး ကစားသမားသစ်တွေ မှတ်ပုံတင်ဖို့အတွက် ရန်ပုံငွေ လွတ်လပ်သွားစေမှာ ဖြစ်ပါတယ်။

အခုအခါမှာတော့ တာ စတီဂျန်ဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးပေးခဲ့ပြီးဖြစ်တာကြောင့် သူ့ရဲ့ဆေးစစ်ချက်ကို အသင်းက တင်သွင်းနိုင်ခဲ့ပြီဖြစ်ကာ သူ့ကိုလည်း အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။ လာပေါ်တာက ဂျာမန်ဂိုးသမားကို ချီးကျူးခဲ့ပြီး “ကျွန်တော်တို့ ရှေ့ဆက်ရပါမယ်။ မာ့ခ် (တာ စတီဂျန်)က ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ သူက အမြဲတမ်း ထူးချွန်ခဲ့ပါတယ်။ ကျန်နေတဲ့ကိစ္စတွေလည်း ဖြေရှင်းပြီးပါပြီ။ သူပြောခဲ့တဲ့ စကားလုံးတွေက ရိုးသားပါတယ်။ ပရိသတ်တွေကလည်း အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ ဦးဆောင်မှုကို မြင်ချင်နေကြတာပါ။ သူ ဘာကာအတွက် ကစားပေးခဲ့တာ (၁၂)ရာသီရှိပါပြီ။ ချန်ပီယံလိဂ်လည်း ရဖူးတယ်။ ထူးချွန်တဲ့ ဂိုးသမားတစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်လည်းဖြစ်တဲ့အတွက် သူအသင်းခေါင်းဆောင်ဖြစ်နေတာကို ကျွန်တော် အထူးပဲ ပျော်ရွှင်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Exit mobile version