လတ်တလောမှာ အသင်းကနေ ရောင်းထုတ်ခံရတော့မယ်ဆိုပြီး သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်က သူ့အနေနဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်သွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
အသက် (၂၇)နှစ်အရွယ် အင်္ဂလန် ကစားသမား ရပ်ရှ်ဖို့ဒ်က ယူနိုက်တက် အကယ်ဒမီထွက်တစ်ဦး ဖြစ်သလို အသင်းမှာလည်း ကာလအတန်ကြာ ပါဝင်နေသူလည်း ဖြစ်ပေမယ့် သူရဲ့ ခြေစွမ်းပိုင်းတွေက တည်ငြိမ်မှု မရှိတဲ့အပြင် အသင်းတိုက်စစ်အတွက် ဘယ်လိုမှ အားထားရတဲ့ အနေအထားမှာ ရှိမနေတာကြောင့် အသင်းဘက်က သူ့အပေါ် စိတ်ပျက်လာခဲ့ပြီး ရောင်းထုတ်ဖို့ပါ စီစဉ်လာပါတယ်။
Photo Credit : Sky Sports
မကြာသေးခင် ရက်ပိုင်းကပဲ ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်ကို လာမယ့်နွေမှာ ရောင်းထုတ်တော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် မန်ချက်စတာဒါဘီမှာပါ အသင်းလူစာရင်းကနေ လုံးဝ ချန်လှပ်ခံခဲ့ရသလို ဆောင်းဈေးကွက်မှာပဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာမယ်ဆိုရင် ရောင်းချသွားလိမ့်မယ်ဆိုတဲ့ သတင်းတွေပါ ထပ်မံ ထွက်ပေါ်လာပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ရပ်ရှ်ဖို့ဒ်က “ကျွန်တော့်အတွက်ကတော့ ပုဂ္ဂိုလ်ရေးအရ စိန်ခေါ်မှု အသစ်တွေနဲ့ နောက်ထပ် ခြေလှမ်းတွေအတွက် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော် ထွက်သွားရမယ့်အချိန်မှာ ခက်ခဲတဲ့ ခံစားချက်မျိုးတော့ ဖြစ်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် မန်ယူနိုက်တက်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်မျိုးတော့ ပေးမှာ မဟုတ်ပါဘူး။”
Photo Credit : The Independent
“ကျွန်တော်က အမြဲတမ်း ဒီအသင်းကို ချစ်မြတ်နိုးနေမှာပါ။ တကယ်လို့ ကျွန်တော် ဒီအသင်းကနေ ထွက်ခွာတော့မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ကြေညာချက် ထုတ်ပြန်မှာပါ။ ဒီအကြောင်းအရာတွေက ကျွန်တော့်ဆီကနေပဲ ထွက်လာပါလိမ့်မယ်။ ဒါက သေချာပါတယ်။ နောက်ပြီး ပရော်ဖက်ရှင်နယ် မဆန်တော့တာလား ဆိုတာကတော့ နားလည်မှု လွဲနေတယ်လို့ပဲ ခံစားရပေမယ့် ကျွန်တော်ကတော့ အဆင်ပြေပါတယ်။”
“ကျွန်တော်က ရိုးရိုးရှင်းရှင်း နေတက်တဲ့ သူတစ်ဦး ဘောလုံးအားကစားကိုလည်း ချစ်မြတ်နိုးတဲ့ သူပါ။ အဲ့ဒါက ကျွန်တော် ငယ်ငယ်လေးကတည်းကပါပဲ။ ဒါဘီပွဲမျိုးမှာ ပါဝင်ရခြင်း မရှိတာက နာကျင်ခဲ့ရပေမယ့် ဒါက ဖြစ်တက်ပါတယ်။ ဒီအခြေအနေအပေါ်မှာ စိတ်ပျက်မိလို့ ငိုနေရမလား ဒါမှမဟုတ် ကစားခွင့် ပြန်ရချိန်မှာ အကောင်းဆုံး လုပ်ပြမလားဆိုတာပဲ ရှိပါတော့တယ်။ ကျွန်တော်က စိတ်ပျက်စရာတွေ ကြုံရတိုင်း ဒါတွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အသက်အရွယ်မျိုးကို ရောက်နေပါပြီ။ အခွင့်အရေးရလာရင် တက်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။