ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ အီတလီအသင်းဟာ အင်္ဂလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူနိုင်ခဲ့ကာ ၁၅နှစ်တာ နိုင်ငံတကာ ဆုဖလားတွေနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

တဖက်မှာတော့ အင်္ဂလန်အသင်းဟာ ၅၅နှစ်ကြာ နိုင်ငံတကာ ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခြင်း မရှိခဲ့ပဲ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ အီတလီအသင်းကို အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အီတလီအသင်းနဲ့ အင်္ဂလန်အသင်းတို့ဟာ သာမန် ပွဲကစားချိန်နဲ့ အချိန်ပို မိနစ် ၃၀ အတွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပြီး ပင်နယ်တီ ကန်သွင်းမှုတွေ ပြုလုပ်ရာမှာတော့ အီတလီအသင်းက ဘယ်လော့တီနဲ့ ဂျော်ဂျင်ဟိုတို့ ပင်နယ်တီ လွဲချော်ခဲ့ကာ အင်္ဂလန်အသင်း ကတော့ ရက်ဖို့ဒ် ၊ ဆန်ချိုနဲ့ ဆာကာတို့ သုံးဦး အထိ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အင်္ဂလန်အသင်းဟာ ၃-၂ ဆိုတဲ့ ပင်နယ်တီ ကန်သွင်းမှု ရလဒ်နဲ့ အီတလီအသင်းကို အရှုံးပေးခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာတော့ ရှုံးပွဲကြောင့် ဒေါသထွက်နေတဲ့ အင်္ဂလန်အသင်းရဲ့ ပရိသတ် တချို့ဟာ ပင်နယ်တီ လွဲချော်ခဲ့ကြတဲ့ ရက်ဖို့ဒ် ၊ ဆန်ချိုနဲ့ ဆာကာတို့ကို လူမှုကွန်ယက်တွေပေါ် ကနေ ပြင်းထန်တဲ့ လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ FAက ကစားသမားတွေအပေါ် လူမျိုးရေး ခွဲခြားမှု ပြုလုပ်နေကြတာနဲ့ ပတ်သတ်ပြီး သတိပေးချက် စာတစောင် ထုတ်ပြန်ကြေညာခဲ့ရပြီး လူမျိုးရေး ခွဲခြားမှုတွေ ပပျောက်သွားအောင် သူတို့အနေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကစားသမားတွေ အပေါ် လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်နေကြတာနဲ့ ပတ်သတ်ပြီး FAက – “ကျွန်တော်တို့ရဲ့ ကစားသမား တချို့ကို လူမျိုးရေး ခွဲခြားတာတွေ ၊ အွန်လိုင်းပေါ်ကနေ ဝေဖန်တိုက်ခိုက်တဲ့ အပြုအမူတွေ အားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အခုလိုမျိုး ရှက်စရာ ကောင်းတဲ့ အပြုအမူတွေကိုလည်း အသင်းနဲ့ ပတ်သတ်ပြီး မဖြစ်ပေါ်စေချင်ပါဘူး။ ကျွန်တော်တို့တွေက ကစားသမားတွေကို အပြည့်အဝ အားပေးကူညီဖို့ အသင့် ရှိပါတယ်။ ကစားသမားတွေကို လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ကြတဲ့ လူတွေ အားလုံးကို အမြင့်ဆုံး ပြစ်ဒဏ်တွေနဲ့ အရေးယူ အပြစ်ပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်” ဆိုပြီး သတိပေးစာ ထုတ်ပြန်ခဲ့တာပါ။