လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ထမှုက အတော်လေးကို ကြီးမားနေတဲ့အတွက် ဘောလုံးပွဲတွေကို ခဏတာဖျက်သိမ်းထားခဲ့ရသလို ဘောလုံးသမားတွေမှာလည်း အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်ရခြင်းမရှိပဲ ရောဂါကူးစက်မှုမရှိအောင် နေအိမ်မှာပဲ သီးသန့်လေ့ကျင့်ခန်းတွေ ဆင်းနေကြရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်မှာလည်း သူရဲ့ဒဏ်ရာ ပြန်လည်သက်သာလာဖို့ နေအိမ်မှာပဲ အနားယူနေလျက်ရှိရင်းနဲ့ သူရဲ့ငယ်ဘဝ အမှတ်တရအကြောင်းတစ်ခုကို ပရိသတ်တွေအတွက် ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

Photo Credit : AllFootball

အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားရပ်ဖိုဒ့်ဟာ မန်ချက်စတာယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့်လည်း ဘောလုံးအကယ်ဒမီကို မတတ်ရောက်ခင်တုန်းကတော့ ရပ်ဖိုဒ့်က ကြော်ငြာတချို့မှာ ပါဝင်ခဲ့ဖူးပါတယ်။ ရပ်ဖိုဒ့်ဟာ ကလေးဘဝတုန်းက ရေကူးသင်တန်းတစ်ခုရဲ့ကြော်ငြာပိုစတာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ရပ်ဖိုဒ့်ဟာ Actimel လို့ အမည်ပေးထားတဲ့ အားဖြည့်ဒိန်ချဉ်ဗူး ကြော်ငြာတစ်ခုမှာလည်း ယူနိုက်တက်ရဲ့ဂန္တဝင်ကစားသမားကြီး ဘော်ဘီချာတန်နဲ့အတူ ပါဝင်သရုပ်ဆောင်လို့ထားပါသေးတယ်။

Photo Credit : AllFootball

ရပ်ဖိုဒ့်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့တိုက်စစ်အတွင်း ပုံမှန်ပွဲထွက်ကစားခွင့်တွေကို ပိုင်ဆိုင်ထားခဲ့သူဖြစ်ပြီး အသင်းအတွက်ကိုလည်း သွင်းဂိုးများစွာရယူပေးထားနိုင်ခဲဲ့ပါတယ်။ ဒါပေမယ့် ရပ်ဖိုဒ့်ဟာ ဇန်နဝါရီလတုန်းက ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပြန်ကန်ပွဲမှာ ဒဏ်ရာရသွားခဲ့လို့ အခုအချိန်ထိ အနားယူနေရတာဖြစ်ပြီး လက်ရှိမှာကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဧပြီလ၃၀ရက်နေ့အထိ ရွေ့ဆိုင်းထားရတာဖြစ်လို့ ဘောလုံးပွဲတွေ ပြန်လည်စတင်မယ့်အချိန်မှာ ရပ်ဖိုဒ့်ရဲ့ဒဏ်ရာကလည်း လုံးဝသက်သာလာနိုင်ပါတယ်။ အသက်၂၂နှစ်အရွှယ်ရှိ လူငယ်တိုက်စစ်ကစားသမား ရပ်ဖိုဒ့်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး၁၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ခဲဲ့ကာ ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး၁၄ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။