MySport Myanmar

ပီအက်စ်ဂျီရဲ့ တစ်ပတ် (၄)သိန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးတဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက သူ့ကို လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကနေ တစ်ပတ်လုပ်ခ ပေါင်(၄၀၀၀၀၀)နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချပြီး မန်ယူနိုက်တက်မှာသာ ဆက်နေခဲ့ပါတယ်။

Photo Credit : Stretty News

အသက်(၂၅)အရွယ်ရှိ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ကစားသမားဘဝအတွင်း အခက်ခဲဆုံး ကာလကို ဖြတ်သန်းခဲ့ရပြီး တစ်ရာသီလုံးမှာတောင် စုစုပေါင်း သွင်းဂိုး (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါမေယ့် နည်းပြ အဲရစ်တန်ဟက်ဂ် လက်ထက်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ အတော်လေးကို ပြောင်းလဲ တိုးတတ်လာခဲ့ရပြီး အခုဆိုရင်ပဲ ဒီရာသီအတွင်းမှာပဲ ပြိုင်ပွဲစုံ (၄၄)ပွဲကစားပြီးချိန် သူရဲ့ သွင်းဂိုးက (၂၇)ဂိုးအထိ ရှိနေကာ ပြီးခဲ့တဲ့ နှစ်ရာသီပေါင်း သွင်းယူခဲ့တဲ့ ဂိုးပမာဏထက်ပင် များပြားနေရပါတယ်။

Photo Credit : The Sun

ရပ်ရှ်ဖို့ဒ်ကို အခုလို ပုံစံမျိုးဖြစ်အောင် ပုံမသွင်းခင်က ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်လ်ခါလိုင်ဖီက ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကိုယ်ကျ ဝန်ခံ ပြောဆိုထားခဲ့ဖူးသလို ရပ်ရှ်ဖို့ဒ်ကိုလည်း တစ်ပတ်လုပ်ခ ပေါင်(၄၀၀၀၀၀)အထိနဲ့ပါ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၃ ဇွန်လအထိသာ ကျန်ရှိနေတော့တာဖြစ်လို့ ပီအက်စ်ဂျီဘက်က်နေ ရပ်ရှ်ဖို့ဒ်ကို ရရှိနိုင်ရေးအတွက် အတော်လေး အားထည့် ကြိုးပမ်းခဲ့ရာ ကစားသမားကိုယ်တိုင်က ပယ်ချခဲ့ပြီး တန်ဟက်ဂ်ကလည်း ရပ်ရှ်ဖို့ဒ်ကို လုံးဝ ရောင်းမချဖို့ အသင်းထံ အသိပေးခဲ့ပါတယ်။

Photo Credit : Daily Mail

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဘက်က ရပ်ရှ်ဖို့ဒ်နဲ့ စာချုပ်ချုပ်ဆိုထားတုန်းက တစ်နှစ် သက်တမ်းတိုးခွင့် option အတိုင်း တစ်နှစ် သက်တမ်းတိုးထားသလို နောက်ထပ် ကာလရှည် စာချုပ်သစ်ပါ ထပ်မံ ချုပ်ဆိုသွားဖို့အထိ ကြိုးပမ်းနေပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီအတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု (၃)ဆု ယူနိုက်တက်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု (၃)ဆုနဲ့ ခါရာဘောင်း လိဂ်ဖလားတို့ကို ပိုင်ဆိုင်ထားခဲ့ရပါတယ်။

Exit mobile version