ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ဟာ ပြင်းထန်တဲ့ ကျောရိုးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီး လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာကာ အပေါ့စား လေ့ကျင့်မှုတွေကို စတင် လုပ်ဆောင်ခွင့် ရသွားပြီလို့ သိရပါတယ်။ မားကပ်ရက်ဖို့ဒ်ဟာ မန်ယူအသင်းနဲ့ ဝုဗ်အသင်း တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ မန်ယူ အသင်းအတွက် ပါဝင် ကစားပေးခဲ့ရာမှ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဆေးစစ်မှုတွေအရ ကျောရိုးကျိုး ဒဏ်ရာဖြစ်နေခဲ့တာကြောင့် ကာလရှည် အနားယူခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

အသက် ၂၂နှစ်အရွယ် မားကပ်ရက်ဖို့ဒ်ဟာ လူကာကူ ၊ ဆန်းချက်တို့ အသင်းမှာ မရှိတော့တဲ့ နောက်ပိုင်း မန်ယူအသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့ကာ ဒဏ်ရာပြဿနာကြောင့် အနားမယူရခင်မှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ပွဲအထိ ပါဝင် ကစားပေးထားကာ ၁၉ဂိုးသွင်းယူ ပေးထားနိုင်ခဲ့ပြီး ၅ဂိုးအထိ ဖန်တီး ထားနိုင်ခဲ့သူပါ။ ဒါပေမယ် ဒဏ်ရာရရှိပြီး နောက်ပိုင်းမှာတော့ ရက်ဖို့ဒ်ဟာ မန်ယူ အသင်းရဲ့ ပွဲစဉ် ၁၃ပွဲကို လွဲချော်ခဲ့ပြီး ကနဦးမှာ ၂၀၁၉-၂၀၂၀ ရာသီတစ်ခုလုံးကို လွဲချော်ရဖို့ ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် မတ်လမှာတော့ တရုတ်နိုင်ငံကနေ စတင် ပျံ့နှံ့ကူးစက် လာတဲ့ Covid-19 ရောဂါဟာ အင်္ဂလန်နိုင်ငံမှာ ကူးစက်ပျံ့နှံ့မှုတွေ ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို ခေတ္တ ရပ်နားလိုက်တာကြောင့် မကြာမီမှာသာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် ကျင်းပရင် ရက်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် ပါဝင် ကစားပေးနိုင်တော့မှာပါ။

Photo Credit: Express.com

မန်ချက်စတာမြို့ အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ မားကပ်ရက်ဖို့ဒ်ဟာ ဒဏ်ရာကနေ အလုံးစုံ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့ သူဟာ အပေါ့စားလေ့ကျင့်ခန်းတွေကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပြီး အသင်းလိုက် လေ့ကျင့်မှုတွေကိုတော့ လာမယ့် ရက်သတ္တပတ်အတွင်းမှာပဲ ပြုလုပ်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် မန်ယူ အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေါ့ဘာဟာလည်း လက်ရှိ အချိန်မှာ ဒဏ်ရာ ကနေ အလုံးစုံ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် စတင်ချိန်မှာ မန်ယူအသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် စတင်မယ့်အချိန်မှာ မန်ယူအသင်းကို အဓိက ကစားသမား အစုံအလင်နဲ့ တွေ့မြင်ရတော့မှာပါ။