ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ လစ်ဇက်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ယူအသင်းဟာ တိုက်စစ်မှူးတွေရဲ့ သွင်းဂိုး အများစုနဲ့အတူ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲတစ်ပွဲ ကို ရရှိခဲ့ပါတယ်။ မန်ယူအသင်းဟာ ယခုပွဲစဉ်မတိုင်မီမှာ ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်တွေ အားလုံးမှာ အမြင့်ဆုံး အနေနဲ့ သရေရလဒ်သာ ရခဲ့တာကြောင့် ပွဲမစတင်မီ ဖိအားတချို့ ရှိနေခဲ့ပေမယ့် ပွဲအတွင်းမှာတော့ အကောင်းဆုံး ခြေစွမ်း ရရှိခဲ့ပြီး လူစားဝင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ ဟက်ထရစ်နဲ့အတူ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ မန်ယူအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၁မိနစ်မှာ ဂရင်းဝုဒ် ၊ ပွဲချိန် ၇၄မိနစ် ၊ ၇၈မိနစ်နဲ့ ၉၂မိနစ်တို့မှာ ရက်ဖို့ဒ်နဲ့ ပွဲချိန် ၈၇မိနစ်မှာ ပင်နယ်တီကနေ တဆင့် မာရှယ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ မားကပ်ရက်ဖို့ဒ်ဟာ အဆိုပါ ပွဲစဉ်မှာ လူစားဝင်သာ ကစားခဲ့ရပေမယ့် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိမှာ မန်ယူအသင်းရဲ့ နည်းပြသစ် တာဝန်ကို ထမ်းဆောင်နေတဲ့ ဆိုးလ်ရှားပြီးနောက် အရန်ခုံကနေ ထလာပြီး မန်ယူအသင်း အတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရက်ဖို့ဒ်ဟာ ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေ တင်ခဲ့တဲ့ စံချိန်ကောင်း တစ်ခုကိုလည်း ကျော်ဖြတ် နိုင်ခဲ့ကြောင်း အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။

Photo Credit: Standard

ရက်ဖို့ဒ် ကျော်ဖြတ်နိုင်ခဲ့တဲ့ အမ်ဘာပေရဲ့ စံချိန်ကောင်း တစ်ခုကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လူစားဝင် လာပြီး ဟက်ထရစ် ရရှိခဲ့တဲ့ အမြန်ဆုံး ကစားသမားဆိုတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ လစ်ဇက်အသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၆၃မိနစ်မှာမှ ဂရင်းဝုဒ်အစား ဝင်ရောက် ကစားခဲ့ရတာ ဖြစ်ပေမယ့် ပွဲကစားချိန် ၉၁မိနစ် စွန်းစွန်းမှာပဲ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တာကြောင့် အရန်ခုံကနေ ထလာပြီး အမြန်ဆုံး ဟက်ထရစ် ရခဲ့တဲ့ ကစားသမားအဖြစ် အချိန် ၂၈မိနစ်နဲ့ စံချိန်တင်နိုင်ခဲ့တာပါ။ ရက်ဖို့ဒ်ရဲ့ နောက်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေက ၃၈မိနစ်ဆိုတဲ့ မှတ်တမ်း တစ်ရပ်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။