မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖိုဒ့်ကတော့ မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းထဲမှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုး(၁)ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အခုဆိုရင် ယူနိုက်တက်အသင်းအတွက် သူသွင်းယူခဲ့တဲ့ သွင်းဂိုးပမာဏာက (၈၃)ဂိုးအထိကို ရှိလာခဲ့သလို အသင်းရဲ့ ကစားသမားဟောင်းကြီး အဲရစ်ကန်တိုနာကိုပါ ဖြတ်သန်းသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit : AI Jazeera

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ဖိုဒ့်ဟာ မနေ့ညက ပွဲစဉ်အတွင်း အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး သူရဲ့ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်းက (၈)ဂိုးအထိ ရှိလာခဲ့ကာ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ရဲ့နောက် ဒီရာသီရဲ့ ယူနိုက်တက်အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးသူ ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ရပ်ရှ်ဖိုဒ့်ဟာ သူရဲ့ ယူနိုက်တက်ကစားသမားဘဝအတွင်းမှာလည်း သွင်းဂိုးပေါင်း (၈၃)အထိကို သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ် စတင်ပြောင်းလဲခဲ့ချိန်ကနေ အခုလက်ရှိကာလအတွင်း အသင်းရဲ့ နဝမမြောက် သွင်းဂိုးအများဆုံး ကစားသမားတစ်ယောက်ပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Red Devil Armada

မန်ချက်စတာယူနိုက်တက်အသင်းအတွက် သွင်းဂိုးအများဆုံး ရယူထားနိုင်ခဲ့သူကတော့ မကြာသေးခင်ကမှ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့ပြီး ဒါဘီကောင်တီအသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဝိန်းရူနီဖြစ်ကာ ယူနိုက်တက်အသင်းအတွက် (၂၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရူနီရဲ့နောက်မှာတော့ ရိုင်ယန်ဂစ် (၁၆၀)ဂိုး ပေါလ်စခိုး (၁၅၅)ဂိုး နစ္စတယ်ရွိုင်း (၁၅၀)ဂိုး ဆိုးလ်ရှား (၁၂၆)ဂိုး အန်ဒီကိုး (၁၂၁)ဂိုး ရော်နယ်ဒို (၁၁၈)ဂိုး ဒေးဗစ်ဘက်ဟမ်း (၈၅)ဂိုး အဲရစ်ကန်တိုနာ မားကပ်ရပ်ရှ်ဖိုဒ့်တို့က (၈၂)ဂိုးစီနဲ့ အသီးသီးရပ်တည်နေကြရာ ရပ်ရှ်ဖိုဒ့်က မနေ့ညကပဲ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် (၈၃)ဂိုးနဲ့ ကန်တိုနာကို ကျော်ဖြတ်ပြီး နဝမနေရာအထိကို ရောက်ရှိလာခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၃၄)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၆)ဂိုး သွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှု (၁၀)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။